Skip to main content

ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့်စက်မှုလုပ်ငန်းများတိုးတက်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်

နေပြည်တော် ဒီဇင်ဘာ ၁၇

ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်‌ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် လက်ရှိပြည်ပပို့ကုန်ကို နှစ်ဆတိုးမြှင့်ပို့နိုင်ရေးကို လမ်းညွှန်မှုပြုထားကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ပို့ကုန်လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ကျန်ကာလအတွင်း လျာထားချက်ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့်အပြင် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများတိုးတက်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသထွက်သီးနှံများ One Region One Product – OROP အလိုက် ထုတ်လုပ်တင်ပို့နိုင်ရေးသည် အဓိကကျပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ပို့ကုန်ကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ ညီ‌နောင်အသင်းအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပို့ကုန်တင်ပို့နိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ သီလဝါအထူး စီးပွား‌ရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်