Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ

ချုံချင့် ဒီဇင်ဘာ ၁၇

မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်မြို့ ယွီကျုံးခရိုင် အစိုးရတို့ပူးပေါင်း၍ “အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်- မြန်မာပြည်မှချုံချင့်သို့” ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ် (ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ကျင်းပရာ အခမ်းအနား၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ ယွီကျုံးနိုင်ငံခြာရေးရာဌာန၊ ချုံချင့်ယွီကျုံး ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကော်မတီနှင့် အခြားအစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် ပြည်ပကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်သည့် မြန်မာ့သဘင်ပညာရှင် ၂၁ ဦးက မြန်မာ့ရိုးရာရုပ်သေးအက၊ နှစ်ပါးသွား အက၊ မြန်မာ့ကျောက်ဆည် ဆင် အက၊ ကျေးလက်အက၊ ဖျာပုံနန်းတွင်း ရာမာယဏဇာတ်နှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်အကတို့ကို မြန်မာ့တူရိယာဆိုင်းဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တရုတ်ယဉ်ကျေးမှုအဖွဲ့မှလည်း ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်