နေပြည်တော် ဒီဇင်ဘာ ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပါမောက္ခချုပ်၊ ဌာနမှူးများနှင့်တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများနှင့် ပင်မသုံးထပ်ဆောင် တည်ဆောက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ရမည့်ကိစ္စရပ်များကို စနစ်တကျစီမံချက်ရေးဆွဲပြီး လုပ်ဆောင်ကြရန်၊ လက်တွေ့ခန်းများကို သင်ရိုးညွှန်းတမ်းနှင့်အညီ ဖြည့်ဆည်း၍ ကျောင်းသား ကျောင်းသူများ စနစ်တကျလေ့လာသင်ယူနိုင်သော သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးမီအောင် အလေးထားဆောင်ရွက်ကြရန်နှင့် အချိန်မီပြီးစီးနိုင်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဆောက်အဦးရှိ အခန်းများ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းခွင်၊ အားကစားကွင်း၊ ဘောလုံးကွင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန် ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်