နေပြည်တော် ဒီဇင်ဘာ ၁၇
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B) ရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ -၁ပွဲ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ၃ ပွဲ - ၁ပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပရာ အမျိုးသားပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ တတိယလုပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ - ၁ပွဲ၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲ - ၁ ပွဲဖြင့် အနိုင်ရရှိကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းက ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၂ ဂိုး-ဂိုး မရှိ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို ၂ ဂိုး-၁ ဂိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်း ကို ၄ ဂိုး - ၃ ဂိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၅ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကရာတေးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း TC-1 ကရာ တေးရုံ၌ ကျင်းပရာ အမျိုးသား ၆၀ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ အောင်ဇာနည်မင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ဇင်မင်းမြတ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွန်းဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ အောင်ချမ်းသာတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၆၇ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲ၊ ရှမ်းပြည်နယ်မှ ကျော်ဇင်ဝင်းထွဋ်က ပထမ၊ ကယားပြည်နယ်မှ သိန်းထိုက်ဇော်က ဒုတိယ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ လင်းထက်ထွန်းနှင့် ရခိုင်ပြည်နယ်မှ မြတ်သန်းထိုက်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသား ၇၅ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ သက်ပိုင်ထွန်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ဇေယျာထူးထူးက ဒုတိယ၊ ရှမ်းပြည်နယ်မှ သီဟလင်းဟိန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်းလွင်တို့က ပူးတွဲတတိယဆု ကိုလည်းကောင်း၊ အမျိုးသမီး ၅၀ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ လင်းစန္ဒာဌေးက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ အိမ့်ခြူးမောင်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြူဖြူဝင်းနှင့် မန္တလေးတိုင်းဒေသကြီးမှ ဟန်သီရိအောင်တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၅၅ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲတွင် ကယားပြည်နယ်မှ သင်းသင်းယုအောင်က ပထမ၊ ရခိုင်ပြည်နယ်မှ စိုးစိုးစံက ဒုတိယ၊ ရှမ်းပြည်နယ်မှဘေဘီနှင့် ပဲခူးတိုင်းဒေသကြီးမှ လင်းလင်းထက်တို့က ပူးတွဲတတိယဆု ကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ အမျိုးသမီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ကျင်းပရာ ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာဝင်းက ရန်ကုန်တိုင်းဒေသကြီးမှ အောင်နိုင်စိုးကို ၃ ပွဲ-၁ ပွဲ၊ မကွေးတိုင်းဒေသကြီးမှ လင်းအောင်က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကျော်ဌေး ကို ၃ ပွဲ-၁ ပွဲ ၊ စနူကာ 15 – Red တစ်ဦးချင်းပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ မျိုးသူရအောင်က မကွေးတိုင်းဒေသကြီးမှ ကျော်ဝေယံစိုးကို ၃ ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးမှ ကောင်းဈာန်ထက်က ကရင်ပြည်နယ်မှ သက်မှူးကြည်လှိုင်ကို ၃ ပွဲ - ၂ ပွဲဖြင့် လည်းကောင်း၊ ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးက ရန်ကုန်တိုင်းဒေသကြီးကို ၃ ပွဲ - ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲ ပြတ်၊ စနူကာ 15–Red နှစ်ယောက်တွဲပြိုင်ပွဲတွင် ရှမ်းပြည်နယ် အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲ - ၂ ပွဲ၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအမျိုးသားအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၊ အမျိုးသမီးအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)နှင့် ရွှေကြာပင်အားကစားကွင်းတို့၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၊ အမျိုးသမီးအသင်းလိုက် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း တင်းနစ်ကွင်း၌လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလေးမပြိုင်ပွဲ အမျိုးသား ၉၆ ကီလိုတန်း ဗိုလ်လုပွဲစဉ်နှင့်အမျိုးသမီး ၆၄ ကီလိုတန်း ဗိုလ်လုပွဲစဉ်တို့ကို အလေးမရုံ၌လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ထောက်လုပြိုင်ပွဲ အမျိုးသား/အမျိုးသမီး သောင်းစုပွဲစဉ်၊ အမျိုးသား/ အမျိုးသမီး ကျန့်စုပွဲစဉ်၊ အမျိုးသား/ အမျိုးသမီးနန်းသောင်း ပွဲစဉ်၊ ဆန်းဆိုပြိုင်ပွဲ အမျိုးသား ၄၈၊ ၅၂၊ ၅၆၊ ၆၀၊ ၆၅၊ ၇၀ ကီလို တန်းပွဲစဉ်များ၊ အမျိုးသမီး ၄၅၊ ၄၈၊ ၅၂၊ ၅၆၊ ၆၀ ကီလိုတန်းပွဲစဉ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထောက်လုပြိုင်ပွဲ အမျိုးသားထိုက်ချိကျန့်ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှမင်းသုတက ပထမ၊ မကွေးတိုင်းဒေသကြီးမှ လွှမ်းထက်အောင်က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ ခေတ်မင်းခန့်က တတိယဆုကိုလည်း ကောင်း၊ အမျိုးသမီး ထိုက်ချိကျန့် ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးမှ နဒီမြင့်မိုရ်အောင်က ပထမ၊ မန္တလေးတိုင်းဒေသကြီးမှဖူးဝေကိုက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ သက်လမင်းနွေးက တတိယဆု ကိုလည်းကောင်း ရရှိခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
သတင်းစဉ်