Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အမျိုးသား၊ အမျိုးသမီးအသက်(၃၅)နှစ်အောက် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တင်းနစ်အားကစား ပြိုင်ပွဲရုံ၌ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အမျိုးသမီးအသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို နေပြည်တော်ရှိ ရွှေကြာပင်အားကစားကွင်း၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူမှုရေးရာဝန်ကြီးများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခုံသမာဓိဆပ်ကော်မတီမှ ဦးထွန်းလှအောင်နှင့် ဦးဘန်နီတင်အောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က နေရာအလိုက် အကောင်းဆုံးဆုရရှိကြသူများကို တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံကတတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အားကစားသမားများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ အားကစားသမားများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ အားကစားသမားများကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အမျိုးသား၊ အမျိုးသမီးအသက်(၃၀)နှစ်အောက် အလေးမပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမအားကစားရုံ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အမျိုးသမီး(၅၉)ကီလိုတန်းအလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုတန်း အလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက အမျိုးသား(၇၃)ကီလိုတန်း အလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(၈၁)ကီလိုတန်း အလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အမျိုးသား(၈၉)ကီလိုတန်း အလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား(၉၆)ကီလိုတန်း အလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်း ဒေသကြီး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်နှင့်တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အမျိုးသား၊ အမျိုးသမီး အသက်(၂၅)နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့အားကစား ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများတက်ရောက် ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်က အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌက အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသ ကြီးအသင်းမှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အမျိုသား(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ကရာတေးပြိုင်ပွဲ၊ ရိုးရာခြင်းလုံးပြိုင်ပွဲနှင့်ဘိလိယက်/ စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို ဒီဇင်ဘာ ၁၈ ရက်တွင် သက်ဆိုင်ရာ အားကစားရုံများနှင့်အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်