Skip to main content

စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့က စမ်းကလေးကျေးရွာနှင့်အနီးတစ်ဝိုက်တွင် PDF အမည်ခံအကြမ်းဖက်သမားများ စုဖွဲ့ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါကျေးရွာအတွင်းမှ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် နေအိမ်အချို့ကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကိုဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသားကာ လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။