Skip to main content

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ဆီးဂိမ်းကနေအာရှအဆင့်၊ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ထိရောက်အောင် ဆက်လက်ပြီးကြိုးစားသွားမှာပါ

တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ

အလင်းသစ်၊ လင်းရာမ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲ‌တော်ကို ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက် ပါသည်-

ဦးခင်မောင်ဝင်း

မြန်မာ့ရိုးရာခြင်းလုံးနည်းပြချုပ်

အခုကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ရဲ့ မြန်မာ့ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသားပြိုင်ပွဲမှာ ခြောက်ပေါက်တန်း၊ အမျိုးသမီးပြိုင်ပွဲမှာ လေးပေါက်တန်းဆိုပြီး နှစ်မျိုးယှဉ်ပြိုင်ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ အပိုင်းကိုးပိုင်း၊ တစ်ပိုင်းကို ငါးမိနစ်၊ အဲဒီလိုကစားတဲ့အချိန်မှာ မျိုးတူရှိသလို မျိုးကွဲလည်းရှိတယ်။ အမျိုးသမီးမှာဆိုရင် အပိုင်းခုနစ်ပိုင်း၊ အမျိုးသားအသင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခု၊ အမျိုးသမီးအသင်းက ခြောက်သင်းစုစုပေါင်း ၁၉ သင်းပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဟာဆိုရင်မြန်မာတစ်နိုင်ငံတည်းရှိတာဖြစ်ပြီး မြန်မာ့ရိုးရာအမွေအနှစ်အစစ်လည်းဖြစ်ပါတယ်။ အခုအမျိုးသားအားကစားပွဲတော်မှာ ရိုးရာခြင်းလုံး အားကစားနည်းကို ဖော်ထုတ်ပေးပြီးတော့ နိုင်ငံတော်အကြီးအကဲတွေက ပါဝင်ကစားခွင့်ပြုတယ်။ ပါဝင်ခွင့်ပြုတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ မြန်မာ့ရိုးရာခြင်းလုံးတိုးတက်ဖို့ကတော့ အခြေခံကျောရိုးက ရိုးရာလည်းမပျက်အောင်၊ ရှေးမူလည်းမပျက်အောင် ခြင်းကြီး ၁၀ မျိုး၊ ခြင်းလတ် ၁၀ မျိုး စတာတွေကို ပြိုင်ပွဲမှာ ခတ်ကစားရပါတယ်။ ခတ်ကစားပြီးတဲ့အခါကျတော့ ပြိုင်ပွဲခတ်ပေါက်နဲ့ အလှခတ်တာကတော့မတူဘူး။ အလှခတ်တာကတော့ လွတ်လွတ်လပ်လပ်ခတ်လို့ရတယ်။ ကွာခြားချက်ကတော့ အဲဒီလိုရှိတယ်။ ကျွန်တော်တို့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းက အမြင်တော့လွယ်တယ်။ တကယ်တမ်းကျတော့ တော်တော်ခက်တယ်။ ဒီအားကစားနည်းနဲ့ကမ္ဘာကို လွှမ်းဖို့အတွက်ကတော့ ခက်ခဲနက်နဲတဲ့ပညာရပ်ဆိုတော့ ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ထိုးဖောက်ပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ယှဉ်ပြိုင်ကစားလာတာ လေးကြိမ်‌မြောက်ရှိသွားပါပြီ။ ဆက်လက်ပြီး ဆီးဂိမ်းကနေ အာရှအဆင့်၊ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ထိရောက်အောင် ဖြစ်နိုင်သမျှ အတတ်နိုင်ဆုံးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ 

မောင်မြတ်စည်သူ

စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု

ပြင်ဆင်ချိန်ကတော့ နှစ်လတိတိ Camp ဝင်ပြီး တော်တော်လေးကြိုးကြိုးစားစားနဲ့ ပြင်ဆင်ခဲ့ရပါတယ်။ စားပွဲတင်တင်းနစ်ပြိုင်ပွဲရဲ့ အသက် ၁၅နှစ် အောက်ပြိုင်ပွဲမှာ ဂျပန်နိုင်ငံကိုသွားပြီး ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဆုမရခဲ့ပေမယ့် နိုင်ငံတကာကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ပြိုင်ပွဲအတွေ့အကြုံတွေတော့ အများကြီးရခဲ့ပါတယ်။ ပြည်တွင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲတွေမှာတော့ ဆုတွေအများကြီးရခဲ့ဖူးပါတယ်။ စားပွဲတင်တင်းနစ် အားကစားက များများလေ့ကျင့်နိုင်လေလေ အောင်မြင်မှုရရှိလေလေဖြစ်ပါတယ်။ မွန်ပြည်နယ်က ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ မွန်ပြည်နယ်မှာဝင်ပြိုင်ရင်း ပထမရတော့ ရန်ကုန်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ရန်ကုန်ကနေတစ်ဆင့် လူရွေးပြီး နိုင်ငံတကာပွဲတွေဝင်ပြိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ အမျိုးသားကစားသမား ငါးယောက်၊ အမျိုးသမီးကစားသမား လေးယောက်ယှဉ်ပြိုင်ပါတယ်။ အုပ်စုအဆင့်မှာ ပဲခူးတိုင်းဒေသကြီးအသင်းကိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့ပွဲမှာရှုံးနိမ့်ခဲ့ပါတယ်။ အခု မကွေးတိုင်းဒေသကြီး အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အခုလိုပြိုင်ပွဲတွေကျင်းပပေးတော့ မျိုးဆက်သစ်ကစားသမားတွေလည်း အများကြီးထွက်ပေါ်လာတာပေါ့။ ကျွန်တော့်အနေနဲ့လည်း ကျွန်တော့်ထက်အသက်ငယ်တဲ့ ကလေးတွေကိုလည်း လက်တွဲခေါ်နေပါတယ်။ မွန်ပြည်နယ်မှာ ကျွန်တော်လေ့ကျင့်သင်ကြား ပေးထားတဲ့ မျိုးဆက်သစ်ကစားသမား ရှစ်ယောက် ရှိပါတယ်။ 

မောင်‌အောင်ကျော်မိုး

ဘိလိယက်/စနူကာ ပြိုင်ပွဲဝင်ကချင်ပြည်နယ်ကိုယ်စားပြု

ပြင်ဆင်ချိန်သိပ်မရပေမယ့် အခုလိုပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ခွင့်ရတာကိုပဲ ဂုဏ်ယူလို့မဆုံးပါဘူး။ အစကတော့ စနူကာထိုးမယ်ဆိုပြီးတော့ 9 ball ပြောင်းသွား လို့ 9 ball အတွက်ပြင်ဆင်ချိန်က တစ်လနီးပါးလောက် ပဲရခဲ့တာပါ။ 9 ball က ကိုယ်ထိုးနေကြကစားနည်း မဟုတ်တော့ အခက်အခဲတော့ရှိပါတယ်။ ဒါပေမဲ့ နိုင်လိုစိတ်ပြင်းထန်တာကြောင့် တတိယဆုရအောင်တော့ ကြိုးစားထိုးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတံဆိပ်တော့မရခဲ့ပါဘူး။ အခုပြိုင်ပွဲမှာတော့ 9 ball နှစ်ယောက်တွဲရော၊ တစ်ဦးချင်းမှာပါ တတိယဆုတွေရခဲ့ပါတယ်။

မထက်ထက်ဝေ

အမျိုးသမီးစားပွဲတင်တင်းနစ်ပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ မွန်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင် အဖြစ်ပါဝင်ယှဉ်ပြိုင်ဖို့ အချိန်အများကြီးယူပြီး လေ့ကျင့်ခဲ့ပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်ရတဲ့အခါမှာတော့ အလွန်စိတ်လှုပ်ရှားပါတယ်။ ကျွန်မတို့အမျိုးသမီးစားပွဲတင်တင်းနစ်အသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် အဆင့်မှာ ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့ တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အတွေ့အကြုံတွေကတော့ အများကြီးရှိခဲ့ပါတယ်။ ကျောင်းသား အားကစားပွဲတော်တွေမှာ ၂၀၁၁-၂၀၁၂ ခုနှစ် ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေကတော့ နှစ်တိုင်းဝင်ပြိုင်ဖြစ်ပါတယ်။ ဆုရတာတွေကများနေတော့ ဘယ်နှစ်တွေမှာ ဘာဆုရတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ အသင်းလိုက်ပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ ကြေးတံဆိပ်ဆုရခဲ့ပါတယ်။ အခုစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဝင်ပြိုင်ရတဲ့အခါလက်ရည် ချင်းတူရင်‌တောင် ဆုံးဖြတ်ချက်မြန်မြန်ချနိုင်တဲ့ ကစားသမားကသာ အနိုင်ရရှိတာဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲတွေကျင်းပပေးတာ ကောင်းပါတယ်။ အခုခေတ်မှာ လူငယ်တွေက လူမှုကွန်ရက်စာမျက်နှာ တွေအသုံးများတော့ ကျန်းမာရေးထိခိုက်မယ်၊ အားကစားလုပ်နေတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့အားကစားကို လုပ်စေချင်တယ်။ ကျွန်မအနေနဲ့လည်း စားပွဲတင်တင်းနစ်အားကစားကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ် အားကစားသမားတွေကို လက်တွဲခေါ်နေပါတယ်။

ခွန်မောင်ခင်

အမျိုးသားအလေးမပြိုင်ပွဲဝင် ရှမ်းပြည်နယ်ကိုယ်စားပြု

အခုလို နိုင်ငံတော်က တခမ်းတနားကျင်းပပေးတဲ့ ပြိုင်ပွဲကြီးမှာဝင်ပြိုင်ဖို့ အချိန်အားဖြင့် သုံးလကျော်ကျော် စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ မအားတဲ့အချိန်တွေ ရှိပေမယ့် အားတဲ့အချိန်မှာ ကြိုးစားလေ့ကျင့်ခဲ့လို့သာ ရွှေတံဆိပ်ဆုရခဲ့တာဖြစ်ပါတယ်။ အခုတိုင်းဒေသကြီး နဲ့ပြည်နယ်အဆင့် အမျိုးသားအလေးမပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရ‌တော့ အလွန်ပဲဝမ်းသာမိပါတယ်။ အရင်က တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေမှာ လည်းဝင်ပြိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမဝင်ခင်က စိတ်တော့နည်းနည်းလှုပ်ရှားတယ်။ စိတ်လှုပ်ရှားပြီး အနိုင်မရမှာကိုလည်း စိုးရိမ်ခဲ့ပါတယ်။ ကျွန်တော့်ကို နည်းစနစ်ကျကျသင်ကြားပေးတဲ့ ဆရာဆရာမတွေက အလေးမအားကစားပြိုင်ပွဲမှာ အောင်မြင်မှုရရှိရေး အအိပ်အစားမှန်အောင်လည်း ဂရုစိုက်ပေးလို့ အခုလို အမျိုးသားအလေးမပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တာပါ။ ဒီပြိုင်ပွဲကနေ မျိုးဆက်သစ်အားကစားသမားတွေ များများထွက်ပေါ်ပြီး နိုင်ငံ့အားကစားလောက မြင့်မားရေးအတွက် အထောက်အကူပြုနိုင်တဲ့ အားကစားသမား‌ကောင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မဝင်းယမုံ

မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွေမှာတော့ နှစ်တိုင်းပါဝင်ယှ‌ဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားပြိုင်ပွဲတွေလည်း ဝင်ပြိုင်ပါတယ်။ နှစ်တိုင်းနီးပါး မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲမှာ ဒုတိယရပါတယ်။ အခု ပဉ္စမအကြိမ် အမျိုးသားအားကစား ပြိုင်ပွဲမှာ အမျိုးသားအမျိုးသမီး လေးပေါက်တန်း ပြိုင်ပွဲမှာဝင်ပြိုင်နေတာပါ။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဒီနှစ်မှာအောင်မြင်မှုရရှိဖို့ နှစ်လလောက် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးအားကစားက ကြည့်ရင်တော့လွယ်ပြီး ကျွမ်းကျွမ်းကျင်ကျင်ခတ်တတ်ဖို့ ခက်ပေမယ့် ရိုးရာကိုထိန်းသိမ်းတဲ့အနေနဲ့ လေ့ကျင့်သင်ယူဖြစ်တာဖြစ်ပါတယ်။