၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးဘုန်းမြင့်
စားပွဲတင်တင်းနစ်ပြိုင်ပွဲဒိုင်
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်မှာ စားပွဲတင်တင်းနစ်ပြိုင်ပွဲအနေနဲ့ အမျိုးသားအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲနဲ့ အမျိုးသမီးအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲတို့ကို ကျင်းပနေတာဖြစ်ပါတယ်။ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ အသင်းပေါင်း ၁၂ သင်း၊ အမျိုးသမီးတင်းနစ်ပြိုင်ပွဲမှာဆိုရင် အသင်းပေါင်း ၁၁ သင်း ပါဝင်တာဖြစ်ပါတယ်။ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ကစားသမား ၅၉ ဦး၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ၅၄ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲကျင်းပနိုင်ဖို့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက ကြိုတင်လေ့ကျင့်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အသင်းလိုက်ပြိုင်ပွဲမှာဆိုရင် ငါးပွဲပြတ်နှစ်ယောက်တွဲပါမယ်၊ တစ်ဦးချင်းပါမယ်။ တစ်ဦးချင်းပြိုင်ပွဲလေးပွဲပါတယ်။ သုံးပွဲနိုင်တဲ့အသင်းက အနိုင်ရမယ်။ အသင်းလိုက်ပြိုင်ပွဲဖြစ်တဲ့အတွက် ပထမအဆင့်ကို အုပ်စုပတ်လည်၊ ဒုတိယအဆင့်ကို ရှုံးထွက်ဖြစ်ပါတယ်။ ပထမအဆင့်မှာ အမျိုးသားအသင်း ၁၂ သင်းပါလို့ သုံးသင်း လေးအုပ်စုခွဲထားပြီး ဒုတိယအဆင့်ပြီးမှ ကွာတားဖိုင်နယ်ပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာ အုပ်စု (၁)မှာ သုံးသင်း၊ အုပ်စု (၂)နဲ့ (၃)မှာ လေးသင်း တစ်အုပ်စုခွဲထားပါတယ်။ ဒုတိယအဆင့်ရှုံးထွက်ကို ခြောက်သင်းတက်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကတော့ တော်တော်လေးပြည့်စုံပါတယ်။ ကစားသမားတွေကိုလည်း မျိုးဆက်သစ်ရွေးဖို့ ရည်ရွယ်ထားပြီး တကယ်လက်ရည်ကောင်းတဲ့ ကစားသမားတွေလည်း တော်တော်လေးပါပါတယ်။ နောက်နှစ် ဆီးဂိမ်းအတွက်သော်လည်းကောင်း၊ နိုင်ငံတကာပွဲအတွက်သော်လည်းကောင်း ရွေးချယ်မှာဖြစ်လို့ ဒီပြိုင်ပွဲကြီးက အများကြီးအထောက်အကူဖြစ်ပါတယ်။
မောင်ဉာဏ်ဝဏ္ဏထွန်း
အမျိုးသားဘော်လီဘောပြိုင်ပွဲဝင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စားပြု
ကျွန်တော့်ကို လက်ရှိပဏာမ လူငယ်လက်ရွေးစင်အသင်းမှာ ခေါ်ထားတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက နေပြည်တော် gold camp မှာ လူငယ်လက်ရွေးစင်အသင်းနဲ့အတူ စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စားပြုကစားတာပါ။ အရင်တုန်းကတော့ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုကစားသမားအနေနဲ့ ကစားခဲ့တာပါ။ အသက် ၂၅ နှစ်အောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေမှာ လည်း ကစားဖူးပါတယ်။ ၂၀၁၄ ခုနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပြိုင်ပွဲမှာလည်း မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းနဲ့ တတိယဆုရခဲ့ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကစားသမားကောင်းတွေနဲ့လည်း ယှဉ်ပြိုင်ရတယ်။ အတွေ့အကြုံသစ်တွေလည်းရပါတယ်။ ဝါရင့်ကစားသမားတွေနဲ့ကစားရတဲ့အတွက် သူတို့ဆီက ပညာတွေလည်းရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အသက် ၂၅ နှစ်အောက် တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ ကစားခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ကတော့ အမျိုးသားအားကစားပွဲတော်မှာ အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။
မောင်ဝေယံဖြိုး
ရိုးရာခြင်းလုံးပြိုင်ပွဲဝင်
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
မြန်မာ့ရိုးရာခြင်းလုံးကို စိတ်ဝင်စားလို့ အသက် ၁၀ နှစ်ကတည်းက စတင်ကစားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ဒီနှစ်မှာ အောင်မြင်မှုရရှိဖို့ နှစ်လလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ရိုးရာခြင်းက ကြည့်ရင်တော့လွယ်ပါတယ်။ လွယ်မယောင်နဲ့ခက်တယ်။ တကယ်ခတ်ကြည့်မှ သိတယ်။ ပြိုင်ပွဲအတွေ့အကြုံကတော့ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့နှစ်က စတင်ယှဉ်ပြိုင်ဝင်ခတ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပြိုင်ပွဲမှာ မန္တလေးတိုင်းဒေသကြီးအသင်းနဲ့အတူ ဒိုင်းဆုရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဆီးဂိမ်းမှာ ရွှေနှစ်ခု၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုရခဲ့ပါတယ်။ ဒီနှစ်လည်း ပထမဆုကို မျှော်မှန်းထားပါတယ်။
ကိုလင်းအောင်
ဘိလိယက်ပြိုင်ပွဲဝင်
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
ပြီးခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲကလည်း ကျင်းပထားတာမကြာသေးတာရယ်၊ အခုအမျိုးသားအားကစားပွဲတော်ဝင်ပြိုင်ဖို့လည်း နှစ်လကျော်ကျော်လောက် ပြင်ဆင်ခဲ့သေးတာရယ်ဆိုတော့ ပြိုင်ပွဲဝင်ရတာ အခက်အခဲမရှိပါဘူး။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအနေနဲ့ ဘိလိယက်အားကစားသမား အနည်းနှစ်ယောက်၊ အများလေးယောက်ပါပါတယ်။ အခုကျွန်တော်တို့ကတော့ ကွာတားဖိုင်နယ်ရောက်သွားပါပြီ။ အပြင်မှာလည်း ပြိုင်ပွဲတွေဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အခြားမြို့နယ်တွေက ဖိတ်ခေါ်ပြိုင်ပွဲတွေလည်း အကြိမ်ကြိမ်ဝင်ထိုးခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲတွေများလာတာကတော့ မျိုးဆက်သစ်ကစားသမားတွေအတွက် ကောင်းပါတယ်။ စိတ်မဝင်စားတဲ့လူငယ်တွေတောင် တော်တော်လေးစိတ်ဝင်စားလာကြတယ်။ အမြို့မြို့အနယ်နယ်တွေကနေ ပြိုင်ပွဲတွေလုပ်တယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွေ၊ အခုလိုအမျိုးသားအားကစားပွဲတော်တွေ ကျင်းပပေးတဲ့အတွက် ဘိလိယက်/စနူကာ အားကစားနည်းကို စိတ်ဝင်စားလာတဲ့လူငယ်တွေ အရင်နဲ့စာရင် သုံးဆလောက်ပိုများလာတာတွေ့ရပါတယ်။
ဦးနေမျိုးအေး
စားပွဲတင်တင်းနစ်အားကစားနည်းပြ
ကချင်ပြည်နယ်ကိုယ်စားပြု
အခု ကချင်ပြည်နယ်ကိုယ်စားပြု အမျိုးသားအားကစားပွဲတော်မှာ အမျိုးသား စားပွဲတင်တင်းနစ်အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူနေပါတယ်။ ကျွန်တော်တို့ ဒီအမျိုးသားအားကစားပွဲတော်ကြီးမှာ ကချင်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်အသင်းအနေနဲ့ တော်တော်လေးကြိုးကြိုးစားစား ပြင်ဆင်ခဲ့ပါတယ်။ တစ်နှစ်ကျော်ကျော်လောက်ကို ပြင်ဆင်ခဲ့ရတယ်။ ကျွန်တော်တို့ ပြည်နယ်ဘက်က နည်းပညာပိုင်းအားနည်းတဲ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်က စားပွဲတင်တင်းနစ်ပြိုင်ပွဲတွေကြည့်ပြီး ပြိုင်ပွဲဝင်တွေအတွက် သေချာပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ အခုစားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ကချင်ပြည်နယ်အနေနဲ့ အမျိုးသားငါးယောက်၊ အမျိုးသမီးငါးယောက်နဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အုပ်ချုပ်သူ/နည်းပြ သုံးယောက်အပါအဝင် အားလုံး ၁၃ ယောက်ပါပါတယ်။ စားပွဲတင်တင်းနစ်မှာ ပြိုင်ပွဲအမျိုးအစားခုနစ်မျိုးရှိတာမှာ ကျွန်တော်တို့ ကြိုတင်လေ့ကျင့်ထားတာနဲ့မတူတဲ့ ပြိုင်ပွဲတွေလည်း ပါတာဆိုတော့ ကြိုးစားထားပြီးမှ မကစားရတဲ့ အပိုင်းတွေလည်းရှိပါတယ်။ ပြိုင်ပွဲအမျိုးအစားကတော့ နှစ်ယောက်တွဲတစ်ပွဲတစ်မှတ်၊ တစ်ဦးချင်းတစ်ပွဲတစ်မှတ်၊ နောက်တစ်ဦးချင်း တစ်ပွဲတစ်မှတ် သုံးပွဲနိုင်ရင်အနိုင်ရပါပြီ။ အဲဒါကြောင့် ကြိုးစားပြီး ယှဉ်ပြိုင်နေကြပါတယ်။
ကိုဆန်းထက်အောင်
အမျိုးသားအလေးမပြိုင်ပွဲဝင်
ရခိုင်ပြည်နယ်ကိုယ်စားပြု
အခုယှဉ်ပြိုင်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အမျိုးသားအလေးမပြိုင်ပွဲမှာ ရွှေတံဆိပ်တော့ ရအောင်မယူနိုင်ခဲ့ပါဘူး။ တတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အချိန်တိုတိုအတွင်းမှာ လေ့ကျင့် ပြင်ဆင်ရတာဆိုတော့ ပြိုင်ပွဲဝင်တဲ့အချိန်မှာ အခက်အခဲတွေတော့ရှိခဲ့ပါတယ်။ တစ်လကျော် နှစ်လလောက်နဲ့လာပြိုင်တာပါ။ ဒီအလေးမအားကစားက အချိန်ယူလေ့ကျင့်ပြီးမှ ပြိုင်ပွဲဝင်ရတဲ့ အားကစားနည်းဖြစ်ပါတယ်။ အခုအမျိုးသားအားကစားပွဲတော်မှာ ရခိုင်ပြည်နယ်ကိုယ်စားပြု အလေးမအားကစား ပြိုင်ပွဲဝင် ၁၁ ယောက်ပါပါတယ်။ ပြိုင်ပွဲတွေ ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ မျိုးဆက်သစ်တွေ မွေးထုတ်ပေးတဲ့ပွဲလို့ ပြောရင်လည်းရပါတယ်။ ဒါကြောင့် အခုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။