Skip to main content

e-Government ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို အထောက်အကူဖြစ်နိုင်ရေး “Cyber Security in the Digital Age” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Telecom  International Myanmar Co.,Ltd (Mytel)တို့ ပူးပေါင်းပြီး “Cyber-Security in the Digital Age” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုအဆင့်ရုံးအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ Chief Information Officer (CIO) နှင့် Deputy / Assistant Chief Information Officer များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသူများ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ကြသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်က အမှာစကားပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးကို အထောက်အကူပြုစေရန်၊ အရည်အချင်းရှိသော ပြည်တွင်း ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များကို လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်နိုင်ရန်နှင့် ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများကို ပြန်လည်တုံ့ပြန်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပညာရေးကဏ္ဍများမှ ကျွမ်းကျင်သူများကို စုစည်း၍ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုများကို မြှင့်တင်အားပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ICT နည်းပညာ သည် နေ့စဉ်နှင့်အမျှ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာသည်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း အစိုးရဌာနအသီးသီးမှ e-Government လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာကြပြီး အစိုးရပိုင်းဆိုင်ရာသာမက ပုဂ္ဂလိကပိုင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ အွန်လိုင်းဝန်ဆောင်မှုများလည်း တိုးတက် များပြားလာလျက်ရှိကြောင်း၊ ထိုသို့တိုးတက်လာမှုများသည် ကောင်းမွန်သည့် အကျိုး ရလဒ်များရရှိသလို ၎င်းနည်း ပညာများကိုအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လာကြကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ အနေဖြင့် မိမိတို့၏ ကွန်ရက်လုံခြုံရေးအတွက် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာရှင်များဖြင့် တောင့်တင်းခိုင်မာသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြည့်တင်းခြင်း၊ နိုင်ငံတကာ၏ အတွေ့အကြုံကောင်းများကို စဉ်ဆက်မပြတ် လေ့လာခြင်းများကို မလွဲမသွေ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့တွေ့ကြုံနေရသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံကောင်းများ၊ သိရှိလိုသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံကောင်းများကို ပွင့်ပွင့်လင်းလင်း ပူးပေါင်းပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။

ဆက်လက်၍ Telecom Myanmar International Co.,Ltd (Mytel) CEO က အမှာစကားပြောကြားရာတွင် နည်းပညာသစ်များ တိုးတက်လာမှုသည် အခွင့်အလမ်းများကို ရရှိစေသလို ဆိုက်ဘာခြိမ်းခြောက်မှုများကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊ အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများအတွက် မိမိတို့၏ အချက်အလက်များသည် အသက်သွေးကြောဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ရန် အရေးကြီးကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် အချက် အလက်များ ကြိုတင်ကာကွယ်ခြင်း၊ ကွန်ရက်လုံခြုံ‌ရေးနှင့် ဒစ်ဂျစ်တယ်ခေတ်တွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျင့်ဝတ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးကြမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွက် လုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်အနာဂတ်တစ်ခုကို အတူတကွ ဖော်ဆောင်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံ Viettel ကုမ္ပဏီမှ Security Operation Center (SOC) အကြံပြုချက်များနှင့် SOC Cloud ဝန်ဆောင်မှုအကြောင်း မိတ်ဆက်တင်ပြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စည်းမျဉ်း စည်းကမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူများက ဦးစီး၍ “Safeguarding Data, Privacy and Infrastructure” ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ ဆွေးနွေးပွဲပြုလုပ်ကာ တက်‌ရောက်လာသူများက သိရှိလိုသည်များကို မေမြန်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်