မောင်ထက်ညီညီနိုင်
(ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု)
အမျိုးသား ၆၇ ကီလိုတန်း အလေးမပြိုင်ပွဲ
ဒီနေ့ပြိုင်ခဲ့ရတဲ့ပြိုင်ပွဲမှာ လက်က ထိခိုက်ထားတော့ ကျွန်တော်ရထားပြီးသားစံချိန်ထက် နည်းနည်းတော့ လျော့သွားတယ်။ နောက်ပွဲတွေကျရင်တော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီနေ့ပြိုင်ပွဲမှာ ရွှေရပါတယ်။ ကျွန်တော်က ၆၇ ကီလိုတန်းမှာ မြန်မာပြည်စံချိန်ချိုးဖို့ ကြိုးစားနေတယ်။ ကျွန်တော်က ပြည်တွင်းပြိုင်ပွဲတွေကို ၂၀၁၄ - ၁၅ ခုနှစ် အသက် ၁၂ နှစ်အရွယ်ကတည်းက စပြိုင်တာပါ။ အသက် ၁၄ နှစ်အရွယ် အိုလံပစ်နေ့မှာ ရွှေတစ်ခုရတယ်။ နောက်တစ်နှစ်မှာ တိုင်းနဲ့ပြည်နယ်အဆင့် ကြေးတံဆိပ်၊ ပြီးတော့ နောက်နှစ်တွေမှာ ရွှေသုံးခု ဆက်တိုက်ရခဲ့ပါတယ်။ ကျွန်တော့်အဖေက ဂျူဒိုကစားသမား၊ အမေက အေရိုးဗစ်ကစားသမားပါ။ ကျွန်တော့်မျိုးရိုးလည်း အားကစားမျိုးရိုးဆိုတော့ အားကစားကို နှစ်သက်တယ်။ ကျွန်တော့်အနာဂတ်က ဆီးဂိမ်းသွားမယ်၊ ရွှေတံဆိပ်ဆုတွေ ယူမယ်။ ကျွန်တော်တို့ အလေးမအားကစားက မျိုးဆက်သစ်ရှားတဲ့ ကစားနည်းဖြစ်တယ်။ အလေးမအားကစားက လုပ်ချင်တဲ့သူတိုင်း လုပ်လို့မရဘူး။ မျိုးဆက်သစ်တွေ မွေးထုတ်ဖို့က ဒီလိုအားကစားပွဲတွေ များများကျင်းပပေးဖို့လိုတယ်။ တကယ့်အလေးမအားကစားသမားကောင်းတွေ ထွက်ဖို့ဆိုရင် ပြိုင်ပွဲတွေမတိုင်မီ အနည်းဆုံး ခြောက်လလောက် Camp သွင်းပြီး လေ့ကျင့်သင့်တယ်။ အလေးမကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ သတိထားရမှာက အိပ်ချိန်၊ စားချိန်မှန်ရမယ်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ ထိခိုက်နာကျင်မှုမဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။
ရဲထွန်းနောင်(ကမ္ဘာ့ချန်ပီယံရှစ် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် ကာယဗလကစားသမား)
ကမ္ဘာ့ချန်ပီယံရှစ် ရွှေတံဆိပ်ဆုရ၊ အာရှချန်ပီယံရှစ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ၇၅ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရရှိထားတဲ့ မြန်မာ့လက်ရွေးစင်ကာယဗလကစားသမားတစ်ဦး ဖြစ်ပါတယ်။ အခုလက်ရှိ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုအနေနဲ့ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတယ်။ ကာယဗလမောင်တစ်ယောက်ဖြစ်ဖို့က စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အားသွန်ခွန်စိုက် ကြိုးစားဖို့လိုတယ်။ အစားအသောက်၊ အနေအထိုင်ကအစ စနစ်ကျဖို့လိုတယ်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ လိုတယ်။ Fitness ပိုင်းဆိုင်ရာ ကစားနည်းဖြစ်တဲ့အတွက် ဆော့တဲ့လူတိုင်းအတွက် ပိုကျန်းမာစေတယ်။ နှလုံးသွေးလည်ပတ်မှုကောင်းတယ်။ ကြံ့ခိုင်မှုပြည့်တယ်။ ဂျူနီယာတွေအနေနဲ့ ဒီကစားနည်းကို ကစားတဲ့အခါ ဝါသနာရှင်ပဲဖြစ်ဖြစ်၊ ခဏတာကစားတဲ့သူပဲဖြစ်ဖြစ် Professional ကစားမယ်ဆိုရင် နည်းလမ်းကောင်းတွေကို တတ်ကျွမ်းတဲ့ဆရာကြီးတွေ၊ စီနီယာတွေဆီမှာ လေးလေးစားနဲ့ သင်ယူမယ်ဆိုရင် ပိုထိရောက်ပါတယ်။ ကာယဗလမောင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပတာက မြန်မာ့လက်ရွေးစင်ကစားသမားတွေ များစွာထွက်ပေါ်နိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။
ဦးကျော်သန်း(ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်)
အမျိုးသားအားကစားပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့ကစားနည်း ၁၆ နည်းပါဝင်တယ်။ ပထမနေ့မှာ ပွဲစဉ်ရှစ်တန်း စတင်ယှဉ်ပြိုင်တာဖြစ်တယ်။ အမျိုးသားကာယဗလပြိုင်ပွဲ လေးတန်း၊ Fitness အပါအဝင် ကာယကြံ့ခိုင်မှုပြိုင်ပွဲ သုံးတန်းရှိတယ်။ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲ တစ်တန်းယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေက မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်ကြတာ တွေ့ရတယ်။ နိုင်ငံတော်က ရည်မှန်းထားတဲ့ မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ပေါက်ဖို့ကိုလည်း ကြည့်ရှုရွေးချယ်သွားမှာဖြစ်တယ်။ အဖွဲ့ချုပ်ကနေ ဒိုင်ကိုးဦးကို ရွေးချယ်ပြီး တာဝန်ပေးထားပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးက ဒိုင်တွေကိုလည်း ထည့်သွင်းထားတယ်။ နောင်လာမယ့် ဆီးဂိမ်းတို့၊ Sea Championship စတဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်တဲ့အခါ အောင်မြင်မှုရနိုင်တဲ့အနေအထားရှိပါတယ်။ လာမယ့်ဩဂုတ်လလောက်မှာ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတစ်ခုရှိတဲ့အတွက် ဒီကထွက်ပေါ်လာမယ့်မျိုးဆက်သစ်ကစားသမားတွေနဲ့ သွားရောက် ယှဉ်ပြိုင်ဖို့ရှိပါတယ်။
မောင်ထွန်းလင်းအောင် (ကချင်ပြည်နယ်ပြိုင်ပွဲဝင်၊ တိုက်ကွမ်ဒို ရွှေတံဆိပ်ဆုရ)
အမျိုးသား ပင်း (၅၄) ကီလိုအောက်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သန်လျင်ကလပ်နဲ့ အောင်ဆန်းကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်။ ပြိုင်ပွဲမစတင်ခင် ကချင်က Training ဆရာနဲ့ နေပြည်တော်မှာလည်း ကြိုတင်လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်။ အခုလို ရွှေတံဆိပ်ဆုရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ အားကစားတစ်ခုကို လေ့ကျင့်တဲ့အခါ အရင်ဆုံးစိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြင်ဆင်ပြီးမှ လေ့ကျင့်တာက ထူးချွန်တဲ့ကစားသမား တစ်ယောက်ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် တိုက်ကွမ်ဒိုကစားနည်းကို လေ့ကျင့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာရော နည်းစနစ်ပိုင်းတွေမှာပါ ဆရာတွေရဲ့ သွန်သင်မှုတွေကို အလေးထားပြီး ကြိုးစားလေ့ကျင့် ခဲ့တယ်။ အခုလိုအောင်မြင်မှုတွေ ရရှိတာကလည်း ဆရာတွေရဲ့ကျေးဇူးတွေ အများကြီးပါတယ်။ ပြည်နယ်နဲ့တိုင်းပွဲတွေမှာလည်း သုံးနှစ်ဆက်တိုက် ရွှေတံဆိပ်ရရှိထားပါတယ်။ ဒီအမျိုးသားပွဲတော်မှာ ရွှေတံဆိပ်ဆုထပ်မံရရှိတဲ့အတွက် လူငယ်ကစားသမားတစ်ယောက်အနေနဲ့ အားရကျေနပ်မိပါတယ်။ ထပ်မံပြီးလည်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေရရှိအောင် ကြိုးစားသွားပါမယ်။
ဒေါ်သန်းသန်းဝင်း (ပြေးခုန်ပစ် ပန်းဝင်တာဖမ်းအဖွဲ့ဝင်)
ကျွန်မတို့အဖွဲ့က မီတာအလိုက် ပြေးခုန်ပစ်အားကစားပြိုင်ပွဲမှာ ပန်းဝင်တဲ့အချိန် စံချိန်တွေကို မှတ်တမ်းတင်ရပါတယ်။ မကျင်းပတာလည်းကြာပြီဆိုတော့ ဒီပြိုင်ပွဲကြီးကနေ မျိုးဆက်သစ်အားကစားသမားတွေကို မွေးထုတ်ပေးနိုင်တဲ့အတွက် အမြဲမပြတ်ကျင်းပသင့်တဲ့ အားကစားပွဲတော်ဖြစ်တယ်။ စံချိန်ကောင်းတဲ့လူငယ်တွေကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ကနေ ရွေးချယ်ပြီးတော့ မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြကြီးတွေနဲ့ လေ့ကျင့်ပေးတာဖြစ်တဲ့ အတွက် ဆီးဂိမ်းတို့၊ Asian Games ပြိုင်ပွဲတွေမှာ အထောက်အကူပြုပါတယ်။ လက်ရှိမီတာ ၁၀၀ ပြိုင်ပွဲမှာဆိုရင် ယှဉ်ပြိုင်အားထုတ်မှု တော်တော်ကို ကောင်းကြပါတယ်။ ကျွန်မတို့လည်း ငယ်ငယ်က မီတာ ၁၀၀ ပြေးခဲ့တာဆိုတော့ ပြိုင်ပွဲဝင်ကလေးတွေရဲ့ စံချိန်တွေကောင်းကြတဲ့အပေါ် ဝမ်းသာပါတယ်။ အမြင့်ခုန်ဆိုလည်း အသက်ရွယ်ငယ်ကြပေမယ့် စံချိန်တွေကောင်းအောင် ခုန်နိုင်ကြသလို လမ်းလျှောက်ဆိုလည်း စံချိန်ချိုးတဲ့အတွက် ဒီနှစ်ကျင်းပတဲ့ ပဉ္စမအကြိမ်အားကစားပွဲတော်က တော်တော်ကိုကောင်းမွန်တဲ့ အားကစားပွဲတော်လို့ ပြောချင်ပါတယ်။
မောင်ဒါဝူ (တင်းနစ်ပြိုင်ပွဲဝင်)
ပဲခူးတိုင်းဒေသကြီးအသင်း
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်တင်းနစ်ပြိုင်ပွဲမှာလည်း ဆုတံဆိပ်တွေရရှိဖူးပြီး ဒီနှစ်ထဲမှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားပြိုင်ပွဲရဲ့ ၁၆ နှစ်အောက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိထားပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တဲ့အတွက် အရင်ကတည်းက လေ့ကျင့်မှုရှိပြီး ဒီအမျိုးသားအားကစားပွဲတော်ကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ အများကြီးအထောက်အကူပြုပါတယ်။ ဒီပြိုင်ပွဲကြီးအတွက်လည်း ပဲခူးတိုင်းကိုယ်စားပြုအနေနဲ့ ရွှေတံဆိပ်ဆုရရှိအောင် ကြိုးစားပြင်ဆင်လေ့ကျင့်ထားပါတယ်။ အခုပြိုင်ပွဲကြီးမှာလည်း တစ်ဖက်အသင်းအားကစားသမားတွေအနေနဲ့ ကြိုးစားထားကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ တင်းနစ်အားကစားနည်းကို အားသွန်ခွန်စိုက်ကြိုးစားသွားမယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ တင်းနစ်ကစားသမားတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။
မောင်လင်းထွန်း(မွန်ပြည်နယ်ကိုယ်စားပြု)
ဘိလိယက်/စနူကာပြိုင်ပွဲဝင်
ဒီနေ့ပြိုင်ပွဲမှာတော့ နှစ်ယောက်တွဲ ဘိလိယက်ပြိုင်ပွဲ အုပ်စုအဆင့်ယှဉ်ပြိုင်တာပါ။ ပြိုင်ပွဲမှာ စီနီယာကစားသမားကြီးတွေ၊ လက်ရည်အကောင်းဆုံးလူတွေ၊ လက်ရွေးစင်ကစားသမားကြီးနဲ့ တွေ့ရတဲ့အချိန်မှာ ကျွန်တော့်ကို ပညာပေးတယ်၊ သင်ကြားပေးတာကြောင့် ပညာရသလို အတွေ့အကြုံကောင်းတွေလည်း တိုးလာတယ်။ သူတို့ပေးတဲ့နည်းစနစ်တွေအတိုင်း လေ့ကျင့်အားများလာရင် ကျွန်တော်လည်း ပိုတိုးတက်လာမယ်။ ကျွန်တော်က Grade – 10 ကျောင်းသားတစ်ယောက်ဆိုတော့ ပြိုင်ပွဲအတွက်က ကျောင်းတစ်ဖက်နဲ့ သိပ်ပြင်ဆင်ချိန်မရလိုက်ဘူး။ ကျွန်တော်က စနူကာကို အသက်ကိုးနှစ်လောက်ကတည်းက စထိုးတာ။ ဘိလိယက်က စနူကာထိုးရင်းနဲ့ နောက်ပိုင်း အသက် ၁၄ နှစ်လောက်မှ ထိုးဖြစ်တာပါ။ ကျွန်တော်အကြိုက်ဆုံးက စနူကာပါ။ စထိုးကတည်းက စနူကာပဲဆိုတော့ စနူကာကစားတာ ပိုအားသန်ပါတယ်။ နောက်နှစ်တွေကျရင် စနူကာပြိုင်ပွဲဝင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ပြိုင်ပွဲအနေနဲ့ကတော့ အမျိုးသားအားကစားပွဲတော်ကျမှ ဝင်ပြိုင်ဖူးတာပါ။ ပြိုင်ပွဲနဲ့အပြင်မှာထိုးတာကျ မတူပါဘူး။ အပြင်မှာကျတော့ ရှုံးလည်းပြန်ထိုးလို့ရတယ်။ ဒီမှာ ကျတော့ ကိုယ်ညံ့ရင် ကိုယ်ရှုံးပဲ။ ကျွန်တော်က ပြိုင်ပွဲမှာ ကိုယ်နဲ့ လက်ရည်တအားကွာတဲ့သူနဲ့ တွေ့ရင်တောင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရမယ်လို့ခံယူထားတယ်။ ပြိုင်ပွဲပြိုင်တဲ့အချိန်မှာ ယုံကြည်မှုလိုတယ်။ စိတ်လှုပ်ရှားပြီးတော့ တစ်ဖက်လူကို ကြောက်မနေဘဲနဲ့ စိတ်ငြိမ်ငြိမ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ခံယူထားတယ်။ စနူကာကစားသမားကောင်းဖြစ်ဖို့က အကောင်းဆုံးလေ့ကျင့်ဖို့ပါ။ ပြီးရင် လေ့ကျင့်ဖို့ ဘိလိယက်/စနူကာခုံလည်းလိုတယ်။ ခုံရှိရင် အမြဲတမ်းလေ့ကျင့်လို့ရတယ်။ ထိုးပါများရင် ဝင်သား ကောင်းလာမယ်၊ လက်ရည်တက်မယ်။ ကျွန်တော့်အတွက် အနာဂတ်မျှော်လင့်ချက်ကတော့ ဆီးဂိမ်းပါချင်တယ်။ ဘိလိယက်/ စနူကာအားကစားကို မြတ်နိုးလို့ ဒီအားကစားနည်းနဲ့ ကမ္ဘာကို ထိုးဖောက် ချင်တယ်။
တွေ့ဆုံမေးမြန်း
ခင်ရတနာ၊ ဇင်ဦး၊
ဟိန်းထက်ဇော်၊ မျိုးထက်ဦး
ဓာတ်ပုံ-ဟိန်းဇင်ထက်