Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၅

နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံရသူများ တက်ရောက်ကြသည်။

ဦးစွာ နှစ် (၅၀) ပြည့်ရွှေရတု ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ရက္ခပူရတေးဂီတအဖွဲ့၏ “ရွှေရတုချိန်ခါ ရခိုင်ပြည်နယ်ပါ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။

သဝဏ်လွှာဖတ်ကြား

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဖတ်ကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွက် ပေးအပ်သည့် 50 W ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းထံ ပေးအပ်သည်။

ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် ဒေါက်တာမှုထန်တို့က ပြည်နယ်စီမံထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (ပထမဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်ဆုလက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “သျှိုင်ဒိုင်” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြည်နယ်စီမံထူးချွန်ဆု (ဒုတိယဆင့်)ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်ဆုလက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု (တတိယဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်ဆုလက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

ကပြဖျော်ဖြေ

ထို့နောက် ရခိုင်တိုင်းရင်းသား ရိုးရာအကအဖွဲ့က “ရိုးမရံစီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုမှတ်တမ်းလွှာဆုရရှိကြသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကာ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “ဇမ်း” တေးသီချင်းဖြင့် ကပြဖျော်ဖြေ ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသည့် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ကြပြီး အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ သွားရောက်ပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုကြကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။

ထို့နောက် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သင်္ဘောများ၊ ရေယာဉ်များဖြင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ညနေပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသော နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်