Skip to main content

စည်းလုံးညီညွတ်သောစွမ်းအားဖြင့် ပြည်ထောင်စုအကျိုး ဝိုင်းဝန်းသယ်ပိုး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အေးအတူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ နိုင်ငံတော်အတွင်း ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ ဒေသအကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို ရှေးရှုလက်တွဲဆောင်ရွက်လာကြရာ ယနေ့ထက်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်စွာရပ်တည်လျက်ရှိသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ပြည်ထောင်စုကြီးအတွက် အရေးပါသောဒေသများဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုအပေါ်တွင် တည်မှီနေသည်။ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုရလဒ်များသည် ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်အေးချမ်းသာယာဝပြောရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားများအဖြစ် ရပ်တည်ဖြစ်ထွန်းလျက်ရှိသည်။

နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သောသဝဏ်လွှာတွင် “ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိတို့နေထိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန် ကြီးပြင်းခဲ့ရာဒေသနှင့် နိုင်ငံတော်အကျိုးအတွက် အားလုံးကအရှည်ကို မြော်တွေးကြရန် အရေးကြီးသည့်အချိန်ဖြစ်ပါသည်။ မိမိတို့အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏စွမ်းအားများလျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန်” တိုက်တွန်းပြောကြားထားသည်။

ယခုအခါ ပြည်ထောင်စုကြီးအတွင်းရှိ အချို့ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ပြည်ထောင်စုကြီးအရေးကို မျက်ကွယ်ပြုကာ လူမျိုးရေး၊ ဝါဒရေး၊ နယ်မြေချဲ့ထွင်ရေးစသည်တို့ကို ရှေ့တန်းတင်ပြီး လက်နက်ကိုင်ပဋိပက္ခများဖန်တီးခဲ့ရာ တိုင်းရင်းသားအပြစ်မဲ့ပြည်သူများ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် ဖန်တီးခဲ့သော အဖျက်အမှောင့်လုပ်ရပ်များသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်းသို့ သွတ်သွင်းခဲ့ကြသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ လာရောက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမှသာ ပဋိပက္ခများ ပြေလည်မည်ဖြစ်သည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာဝပြောသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အရေးကြီးသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ ရည်မှန်းချက်အောင်မြင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးမှုများကို အစဉ်အမြဲဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး၏ စုစည်းညီညွတ်သော စုပေါင်းအား ဖြင့် ပြည်ထောင်စုကြီးအကျိုးကို တက်ညီလက်ညီ လက်တွဲဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်က လျှောက်လှမ်းလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ မှန်ကန်သည့်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး တိုင်းရင်းသားပြည်သူအားလုံး၏ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို အခြေခံ၍ ပြည်ထောင်စုကြီးအကျိုးကို ဝိုင်းဝန်းသယ်ပိုးထမ်းဆောင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။