မြန်မာလူငယ်များအတွင်း Pod ခေါ် အီးစီးကရက်သုံးစွဲမှု မြင့်တက်လာလျက်ရှိရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားငယ်အချို့ ကျောင်းသို့ ယူဆောင်လာသည်ကိုပင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ တစ်ဖက်တွင်လည်း အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်ဆိုင်များကလည်း Podကို သုံးစွဲသင့်ကြောင်း၊ ဘေးထွက်ဆိုးကျိုးမရှိကြောင်းနှင့် ဆေးလိပ်ဖြတ်ရာတွင် အထောက်အကူပြုကြောင်း၊ ပေါ့ဒ်ကိုသုံးစွဲခြင်းက ခေတ်မီခြင်း၏ ပြယုဂ်ဖြစ်ပြီး စမတ်ကျကြောင်းစသည်ဖြင့် အွန်လိုင်းတွင် ဆွဲဆောင်ကြော်ငြာ အရောင်းမြှင့်တင်မှုများ ပြုလုပ်နေကြသည်ကိုလည်း အများအပြား တွေ့ရှိနိုင်သည်။
ဈေးကွက်တွင် Pod, Vape စသည်ဖြင့် ကြော်ငြာရောင်းချနေကြသည့် ရှူစရာ၊ ရှိုက်စရာပစ္စည်းများကို နည်းပညာအရ ENDS ဟူ၍ လည်းကောင်း၊ HTPS ဟူ၍လည်းကောင်း ခေါ်ဆိုပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်ဟု သိရသည်။ ENDS ဆိုသည်မှာ ဆေးရွက်ကြီးတွင်ပါဝင်သော ဓာတုပစ္စည်းဖြစ်သည့် နီကိုတင်းကို အရည်ဖျော်ထားပြီး အီလက်ထရွန်နစ်စနစ် ဖြင့် အငွေ့အဖြစ်ပြောင်းလဲစေကာ ထိုအငွေ့ကို ရှူရှိုက်နိုင်စေရန် ဖန်တီးထားသည့် ကိရိယာ (Electronic Nicotine Delivery System) ဖြစ်ပြီး HTPS ဆိုသည်မှာ ပြုပြင်ထားသော ဆေးရွက်ကြီးပါသည့် စီးကရက်ကို အီလက်ထရွန်နစ်စနစ်ဖြင့် အပူပေးပြီး နီကိုတင်းနှင့် အခြားဓာတုပစ္စည်းများပါသော အရည်ငွေ့ကို ရှူရှိုက်နိုင်သော ကိရိယာ (Heated Tobacco Product System) တို့ ဖြစ်သည်။
၂၀၁၇ ခုနှစ်ကစတင်၍ ကမ္ဘာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချလာခဲ့သည့် အဆိုပါပစ္စည်းများမှာ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံအနှံ့တွင် တွင်ကျယ်ကျယ် ပျံ့နှံ့လာကာ လူငယ်ထုအတွင်း ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်နိုင်ရန် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ကြိုးပမ်းခဲ့ကြသည်။ အီးစီးကရက်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ပြုပြင်ထားသည့်ပစ္စည်းများ သုံးစွဲမှုနှင့် တင်သွင်းရောင်းချမှုတို့ကို အာဆီယံနိုင်ငံများအတွင်း လုံးဝပိတ်ပင်ခြင်း၊ ဥပဒေဖြင့်ထိန်းချုပ်ခြင်းတို့ကို လွန်ခဲ့သည့်ငါးနှစ်၊ ခြောက်နှစ်ကပင် ဆောင်ရွက်ထားခဲ့ကြပြီး ဖြစ်သကဲ့သို့ ကမ္ဘာ့နိုင်ငံအများအပြားတို့တွင်လည်း ENDS နှင့် HTPS တို့ကို လုံးဝပိတ်ဆို့ တားမြစ်ခြင်း၊ တင်သွင်းခွင့် ကန့်သတ်ခြင်းတို့ ပြုလုပ်လျက်ရှိကြသည်။
အီးစီးကရက်သောက်ခြင်းသည် အဆုတ်၏ ပုံမှန်စွမ်းဆောင်ရည်များကို ကျဆင်းစေခြင်း၊ သွားနှင့် သွားဖုံးကို ထိခိုက်စေခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်းတို့နှင့် ဆက်စပ်မှုရှိနေကြောင်း လွန်ခဲ့သည့်ငါးနှစ်ခန့်က သုတေသနများကပင်ဆိုခဲ့ပြီး ကင်ဆာဖြစ်နိုင်ခြေအပေါ်တွင်လည်း စူးစမ်းလေ့လာမှုများရှိနေသည်။ အီးစီးကရက်နှင့်စပ်လျဉ်း၍ နောက်ထပ်သုတေသနပြုတွေ့ရှိချက်များလည်း ပေါ်ထွက်လာလျက်ရှိရာ အီးစီးကရက်သည် အန္တရာယ်ကင်းသည့်ပစ္စည်းဟုဆို၍မရတော့သည့်ပစ္စည်းဖြစ်လာပြီး အီးစီးကရက်နှင့်ဆက်နွှယ်၍ သေဆုံးမှုများကိုလည်း တွေ့ရှိလာနေကြောင်း သတင်းများတွင် တွေ့ရသည်။ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် မျှော်မှန်းလူ့သက်တမ်း အနိမ့်ကျဆုံးဖြစ်ပြီး မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းက ကူးစက်ရောဂါများကြောင့် သေဆုံးရခြင်းထက် ပိုမိုများပြားနေသည်။ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ လူတို့၏ အပြုအမူ၊ နေထိုင်မှုပုံစံများမှာ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများနှင့် လွဲချော်နေခြင်းကြောင့် ဖြစ်ပေါ်လာရသော ရောဂါများပင်ဖြစ်သည်။
ယခုအခါ ပြည်တွင်းရှိ မြို့ကြီးမြို့ငယ်များတွင် ပျံ့နှံ့လာနေသည့် Pod ခေါ် Vape ခေါ် အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို အချို့မြို့နယ်များတွင် စစ်ဆေးတားမြစ်မှုများ ပြုလုပ်နေကြောင်း သတင်းများအရ သိရှိရသည်။ လူငယ်လူရွယ်များ အီးစီးကရက်သုံးစွဲမှု၏ ဘေးအန္တရာယ်ကို အသိပညာပေးရေး၊ ရောင်းချမှုများကိုလည်း စစ်ဆေးကြပ်မတ်တားဆီးပိတ်ပင်ရေးနှင့် ရေရှည်တွင် ဥပဒေပြဋ္ဌာန်း၍ တားဆီးသွားကြရေးတို့ကို ပြည်သူ့ကျန်းမာရေး မြှင့်တင်မှုရှုထောင့်မှ မဖြစ်မနေဆောင်ရွက်ကြရပါမည့်အကြောင်း။ ။