စစ်တွေ ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်တို့ ဦးဆောင်သောအဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
ဆွေးနွေးမှာကြား
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအခြေအနေကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များကို ဆွေးနွေးမှာကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့်အစီအမံများ၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအတွက် ပေးအပ်ချီးမြှင့်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စည်သွတ်ဘူးများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။
အားလုံးပူးပေါင်းဆောင်ရွက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက ဌာနဆိုင်ရာများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် နိုင်ငံတော်၏မူဝါဒများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးမှသာ စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခင်စစ်တွေမြို့ခရီးစဉ်တွင် ပြည်သူများနှင့်တွေ့ဆုံခဲ့မှုမှ ပြည်သူများ၏ တင်ပြ ချက်များအပေါ် နိုင်ငံတော်အကြီးအကဲထံသို့ အချိန်နှင့်တစ်ပြေးညီတင်ပြခဲ့ပြီး နိုင်ငံတော်အကြီးအကဲကလည်း ချက်ချင်းခွင့်ပြုခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် လိုအပ်ချက်များရှိပါက မိမိတို့ထံသို့ တင်ပြပေးကြစေလိုကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့သည် ကမ္ဘာ့ သာသနာပြုမဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်