မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ပစ္စည်းများ အရည်အသွေးအရည်အချင်းပြည့်မီ၍ စံချိန်စံညွှန်းပြည့်မီမှုသည် အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရပ်ရပ်တို့ကို အကြောင်းပြု၍ ပြည်သူများ၏ လူမှုဘဝယဉ်ကျေးမှုအခြေအနေများ စီးဆင်းလိုက်ပါပြောင်းလဲမှုအရ ဝင်ငွေနှင့် ထွက်ငွေလိုက်လျောညီထွေရှိစေရေးအတွက် သင့်လျော်သလို လိုက်ပါစီးဆင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။
ဤသို့သော အခြေအနေအကြောင်းရပ်ကိစ္စအမျိုးမျိုးတို့ကြောင့် ကုန်ပစ္စည်းအရည်အသွေးများ ဦးစားပေးအလေးထားမှုတွင် သင့်တော်သလိုဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အရည်အသွေးတန်ဖိုးကို အလေးထားမှုအားနည်းသဖြင့် လူမှုဘဝအခြေအနေများတွင် အားနည်းမှုများရှိလာသလို တရားမဝင်ကုန်သွယ်မှုများ အားကောင်းလာနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်းသုံးစွဲမှုများတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများသာမက ဘေးအန္တရာယ်ဖြစ်မှုများပါ ပေါ်ပေါက်ကြုံတွေ့ခံစားနေကြရသည်ကို သတိပြုရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုများကြောင့် စားသုံးသူပြည်သူများနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များပါ များစွာထိခိုက်နစ်နာမှုများရှိလာသည့်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးအရေးယူဆောင်ရွက်သွားကြရမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ချိန်မှစ၍ ကော်မတီအစည်းအဝေး ၁၆ ကြိမ် ကျင်းပပြီး ဆုံးဖြတ်ချက်အကြိမ်ရေ ၅၆၀ ချမှတ်ဆောင်ရွက်ခဲ့ကာ စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုတွင် များစွာဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရသည်။ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကြောင့် နိုင်ငံတော်တွင် ကုန်ကျစရိတ်များ များစွာဖြစ်လာခဲ့သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုအပိုင်းတွင် တရားမဝင်တင်သွင်းလာသော အရည်အသွေးမမီသည့် ဈေးသက်သာသော ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များက ထုတ်လုပ်သည့် ကုန်ပစ္စည်းများတွင် အရည်အသွေးပြည့်မီခြင်းမရှိသဖြင့် ပြည်တွင်းသုံးစွဲမှုတွင် ဘေးအန္တရာယ်ဖြစ်စေသည်။
အာမခံချက်မရှိဘဲ ဈေးပေါပေါဖြင့် တင်သွင်းလာသည့် အတု၊ အပ၊ အရည်အသွေးမမီသည့် ကုန်ကြမ်းပစ္စည်းများကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သည်။ အသွင်အမျိုးမျိုးဖြင့်ဆောင်ရွက်နေသည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာစေရုံသာမက ကုန်သွယ်မှုလုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန် စသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ဂျီဒီပီတိုးတက်မှုကျဆင်းစေသည်ကို တွေ့ရသည်။ နိုင်ငံ၏ဝင်ငွေထိခိုက်မှုရှိသဖြင့် သုံးစွဲမှုအပိုင်းတွင် ဝင်ငွေ/ထွက်ငွေ မျှတမှုမရှိဘဲ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကုန်သွယ်မှု၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုကိစ္စများရှိလာသောကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ဂုဏ်သိက္ခာကျဆင်းလာခြင်း၊ စာရိတ္တနှင့် စိတ်ဓာတ်များလျော့ကျလာခြင်းတို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုတွင် ထိခိုက်မှုများရှိလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို မူပိုင်ခွင့်နှင့် စံချိန်စံညွှန်းများပိုင်ဆိုင်မှုရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွင် ကျယ်ပြန့်ရှုပ်ထွေးမှုရှိသည်သာမက ပြင်းထန်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများအထိရှိလာနိုင်သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းနှင့် ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့တို့၏ တွေ့ရှိချက်အရ ကုန်ပစ္စည်းအတုကုန်သွယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၅၀၉ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ သုံးရာခိုင်နှုန်းခန့်ရှိသည်။ ကုန်ပစ္စည်းအတုအပနှင့် ခိုးကူးကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းသည် အမြတ်အစွန်းများပြီး အန္တရာယ်ရှောင်နိုင်သည့်အတွက် လုပ်ကိုင်မှုများလာသည်။
သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၊ အထူးအဖွဲ့များနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့အစည်း အသီးသီးတို့သည် တရားမဝင်ကုန်ပစ္စည်းများကို ယခုထက်ပို၍ လေးဆခန့်ထိထိရောက်ရောက် တိုက်ဖျက်သွားရန်ဆုံးဖြတ်ထားသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားပြီး နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန်တိုးတက်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်သူများ အရည်အသွေးပြည့်မီအာမခံချက်ရှိသည့် ကုန်ပစ္စည်းများအသုံးပြုရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။