Skip to main content

အောက်ခြေပြည်သူတို့ ဘဝပျက်စေသည့် ဖိအားပေးအရေးယူ တားဆီးပိတ်ဆို့မှုများ

ဤဘဒ္ဒကမ္ဘာတွင် မိမိတို့မြန်မာနိုင်ငံလောက် တားဆီးပိတ်ဆို့အရေးယူ နှိပ်ကွပ်မှုအများဆုံးခံရသည့်နိုင်ငံ ဤရာစုအတွင်းမရှိသေး။ ဆောင်းပါးရှင်တစ်ဦးရေးခဲ့သလိုပင် အထိုးခံဖွဲအိတ်ဖြစ်နေသည့် မိမိတို့နိုင်ငံသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းစုံ၊ နိုင်ငံအုပ်စုစုံတို့၏ အဖိအထောင်းဒဏ်ကို လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုခန့်အတွင်း ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။

အကြောင်းအမျိုးမျိုးပြကာ ခေါင်းစဉ်အမျိုးမျိုးတပ်ထားသည့် တားဆီးပိတ်ဆို့အရေးယူမှုဆိုသည်များမှာ လက်တွေ့တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သည့် လုပ်ငန်းများကို အနှောင့်အယှက်အဟန့် အတားဖြစ်စေပြီး ဦးဆုံးနှင့် အပြင်းထန်ဆုံးလက်ငင်း လက်တွေ့ထိခိုက်ခံစားကြရသူများမှာ ဝင်ငွေနည်းအောက်ခြေပြည်သူများပင်ဖြစ်သည်။

မြန်မာနိုင်ငံကို တားဆီးပိတ်ဆို့မှုအမျိုးမျိုးတို့ ချမှတ်ပေးရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်မလာရန် နိုင်ငံတကာတွင် တစ်ရုံးဝင်တစ်ရုံးထွက် လိုက်လံဆောင်ရွက်နေသူများမှာ မြန်မာ့မြေပေါ်တွင် မွေးဖွားကြီးပြင်းပညာသင်ယူခဲ့ကြသူများ၊ မြန်မာ့ဆန်စား၊ မြန်မာ့ရေသောက်ခဲ့ကြသည့် မြန်မာနွယ်ဖွားများဖြစ်ကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးတို့ အကျပ်အတည်းဆိုက်စေခြင်းဖြင့် ၎င်းတို့လိုချင်သည့်အခြေအနေကို ဖန်တီးကြခြင်းဖြစ်သော်လည်း လက်တွေ့တွင် အလုပ်မဖြစ်သည်ကို မဝေးလှသေးသည့်အတိတ်ကို ပြန်လေ့လာခြင်းဖြင့် တွေ့ရှိနိုင်သည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအပေါ် တစ်နည်းနည်းဖြင့် ဆန့်ကျင်ခြင်းသည် ဒိုနာများထံမှ ငွေရပေါက်ရလမ်းသဖွယ်ဖြစ်နေခြင်းကြောင့်လည်း ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောသဘောဖြင့် မြန်မာနိုင်ငံချောက်ကျရေးကို တစိုက်မတ်မတ် လိုက်လံဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းပဋိပက္ခများ၏ အကျိုးဆက်အဖြစ် မြို့ပြနှင့် ကျေးလက်ဒေသများရှိ အခြေခံပြည်သူလူထုအများစုကြီး၏ လူနေမှုဘဝများ ကျပ်တည်းလာရသလို ပြင်းထန်သည့်သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်ခဲ့ခြင်းကလည်း အခြေအနေကို ပို၍နက်ရှိုင်းသွားစေခဲ့သည်။ ယင်း၏ နောက်ဆက်တွဲဖြစ်ပေါ်လာဖွယ်ရှိသည့် အခက်အခဲများနှင့် ဘေးအန္တရာယ်များမှာလည်း ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝများကို ခြိမ်းခြောက်လျက်ရှိရာ အထက်လွှာလူနည်းစုမျှသာလျှင် ယင်းအခြေအနေမှ လွန်မြောက်နိုင်မည်ဖြစ်သည်။ မိမိတို့ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများမှ ကျော်လွှားနိုင်ရေးအတွက် လက်ရှိနိုင်ငံတော်အစိုးရနှင့် ပြည်သူများက အနှောင့်အယှက်၊ အတားအဆီးများကြားမှ မဖြစ်မနေကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းက စာနာထောက်ထားမှုမပြုလျှင်ပင် နောက်ထပ်အခက်အခဲများ မဖန်တီးကြဖို့လိုသည်။

မိမိတို့နိုင်ငံသည် အဘက်ဘက်မှ အင်အားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံပြည်တွင်း၌ဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်ကို ကမ္ဘာ့အသိုင်းအဝိုင်းက မှန်မှန်ကန်ကန်မသိကြရဘဲ ဆန့်ကျင်ကွဲလွဲနေသည့် အခြေအနေ၊ ပုံဖျက်ထားသည့် သတင်းအချက်အလက်များ၊ လိုရာဆွဲဖော်ပြချက်များ စသည်တို့ကိုသာ သိနေကြရခြင်း ဖြစ်သည်။ ယခုလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေကျင့်သုံးရမည့် ပြဋ္ဌာန်းချက်ထဲတွင် ပါဝင်သည့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၂၉) နှင့် အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) တို့ကို လိုက်နာရန် ပျက်ကွက်သည်ဟုစွပ်စွဲကာ မြန်မာနိုင်ငံကို အရေးယူနိုင်ရေးအတွက် လာမည့်နှစ်မတ်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပမည့် ILO ၏ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးသို့ တင်သွင်းသွားမည်ဟု သိရသည်။

အိုင်အယ်လ်အို၏ မြန်မာနိုင်ငံကို အရေးယူနိုင်ရေးအောင်မြင်ခဲ့ပြီး အလုံးစုံပိတ်ဆို့ခဲ့လျှင် မြန်မာနိုင်ငံသို့ ပြည်ပမှငွေကြေးများ ဝင်ရောက်မှုမရှိတော့ဘဲ ပြတ်တောက်သွားမည်ဟုဆိုကာ ပြည်ပြေးပြည်ဖျက်တို့က အားပါးတရဝမ်းသာပြနေကြသော်လည်း ဤကဲ့သို့ အရေးယူပိတ်ဆို့မှုမျိုး လွန်ခဲ့သည့်နှစ် ၂၀ ကျော်က မြန်မာနိုင်ငံခံစားခဲ့ရပြီး ဖြစ်သည်။ ထိုစဉ်ကလည်း အစိုးရအပေါ်ဦးတည်၍ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများဆိုသည်တို့မှာ အောက်ခြေပြည်သူများကို ဆင်းရဲတွင်း ပို၍နက်သွားစေခဲ့သည်။ အလုပ်လက်မဲ့ဖြစ်သွားသည့် မိသားစုတို့ ဒုက္ခများစွာကြုံတွေ့ကြရပြီး အချို့အမှောင်နွံတွင်းသို့ သက်ဆင်းသွားခဲ့ကြရသည်။ ယခုလည်း အလုပ်သမားအရေးကို အကြောင်းပြကာ နိုင်ငံရေးသွတ်သွင်းထားသည့် ဖိအားပေးမှုများဖြင့် နိုင်ငံငယ်တစ်နိုင်ငံကိုထပ်မံ၍ အကျပ်အတည်းကျရောက်စေကာ အများစုသော အောက်ခြေပြည်သူတို့အား ထောက်ထားစာနာခြင်းမရှိသော တားဆီးပိတ်ဆို့မှုများဖြင့် ထမင်းအိုးခွဲကြဦးမည့်အကြောင်း။ ။