နေပြည်တော် ဒီဇင်ဘာ ၁၃
၂၀၂၄ ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲကို ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ကောက်သစ်စားပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ကော်မတီနာယကတို့က အမှာစကားများ အသီးသီးပြောကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနာယကက ရှမ်းနှစ်သစ်ကူးဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များ၏ အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။