Skip to main content

မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်းရှိ နမ့်တုံချောင်းကူးတံတားပြန်လည်ပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ်၊ ၁၄၆/၁၄၇ ကြားရှိ နမ့်တုံချောင်းကူးတံတား တံတားအမှတ်(၃/၂၆) တံတားအရှည် ၂၆ ပေရှိ သံကူကွန်ကရစ်တံတားမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ရေတိုက်စားကာ ပျက်ဆီးသွားခဲ့သည်။

အဆိုပါပျက်စီးသွားသော တံတားနေရာတွင် အရှည် ၉၀ ပေရှိ သံဘောင်ဘေလီနှစ်လွှာတစ်ထပ် တံတားအား နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၁၂ က နေ့/ညမပြတ် ပြန်လည်ဆောက်လုပ်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပြီး မိုင်းတုံ-တာဆန်း- တောင်ကြီးလမ်းအား ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များက ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ်၌ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါး ၈၆၈ ဧက ပျက်စီးသွားခဲ့ပြီး ၎င်းပျက်စီးသွားခဲ့သည့် စိုက်ပျိုးမြေနေရာတွင် ဆောင်းသီးနှံ ၃၁၁ ဧက အစားထိုးစိုက်ပျိုးထားရှိမှုအခြေအနေနှင့် နမ့်တုံချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနှုန်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။