Skip to main content

တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၃

တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အေးမင်းဦး၊ တပ်မတော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သောင်းနိုင်၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က အင်ဂျင်နီယာပါရဂူဘွဲ့သင်တန်းအမှတ်စဉ်(၈)မှ အင်ဂျင်နီယာပါရဂူဘွဲ့ရရှိသူ သင်တန်းသားအရာရှိ ၁၂ ဦး၊ အင်ဂျင်နီယာပညာသင်ကြားရေး ဒီပလိုမာသင်တန်းအမှတ်စဉ်(၉)မှ အင်ဂျင်နီယာပညာသင်ကြားရေးဒီပလိုမာရရှိသူ သင်တန်းသားအရာရှိ ၈ ဦးနှင့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)မှ အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၁၁ ဦး၊ စုစုပေါင်း ၁၃၁ ဦးတို့အား သက်ဆိုင်ရာဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းပြီး အဝေးရောက်ဘွဲ့များ အဖြစ် အင်ဂျင်နီယာပါရဂူဘွဲ့၊ မဟာအင်ဂျင်နီယာဘွဲ့နှင့် အင်ဂျင်နီယာဘွဲ့လွန် ဒီပလိုမာတို့ကိုလည်း ဆက်လက်အပ်နှင်းသည်။

ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့်ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှ ယခု (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ အင်ဂျင်နီယာဘွဲ့ရအရာရှိ ၇၇၅၃ ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရ ၅ ဦး၊ အင်ဂျင်နီယာပညာသင်ကြားရေး ဒီပလိုမာဘွဲ့ရ ၁၃၅ ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၄၉၈ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ရ ၆၄၀ ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ရ ၁၇၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်ထူးဆောင်အင်ဂျင်နီယာပါရဂူဘွဲ့ရ ၂ ဦးကိုလည်း ဘွဲ့များအပ်နှင်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။