Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံဆွေးနွေး

ဘားအံ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကိုဗစ်-၁၉ ကာလ ဆန်နှင့်စားသောက်ကုန် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ပြည်တွင်း ကူးစက်မှုနှုန်း မြင့်တက်နေချိန် တွင် ရန်ကုန်၊ ပဲခူးနှင့် အထက်ပိုင်းဒေသများမှ ကုန်စည်ဝင်ရောက်မှု အချို့ တည်ငြိမ်မှုအားနည်းသည်ဟု ကြားသိရပါကြောင်း၊ အဓိကအားဖြင့် ဆန်နှင့်အခြေခံစား သောက်ကုန် ဈေးနှုန်းများ မြှင့်တက်မှုမရှိစေရေးအတွက် လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဖြည့်တင်းဆောင်ရွက်ပေးသင့်သည်များကို သိရှိလိုပါကြောင်း၊ ပွင့်ပွင့်လင်းလင်း တင်ပြကြ စေလိုပြီး တက်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြား သည်။

ထို့နောက် ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ဆန်နှင့်ပတ်သက်၍ မြေပြင်စာရင်းများ အရ ကရင်ပြည်နယ်အတွက် တစ်လစာခန့်အထိ ဖူလုံမှုရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလ ကန့်သတ်ချက်များရှိသော်လည်း ဆန် မှာယူတင်သွင်းရာ၌ အခက်အခဲမရှိသော်လည်း သယ်ယူပို့ဆောင်ရာ၌ အခက်အခဲတစ်ချို့ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဖြေလျော့မှု တစ်ချို့ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကရင်ပြည်နယ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ(၁) ဦးဇော်ဌေးက ဆန်ဈေးနှုန်းအနည်းငယ်တက်လာကြောင်း၊ ဆန်လုံလောက်မှုရှိသော်လည်း ဈေးနှုန်း မြှင့်တက်လာမည်ကို စိတ်ပူမိကြောင်းနှင့် ကရင်ပြည်နယ်မျိုးစေ့ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးစိုးသိန်းက ကရင်ပြည်နယ်၏လယ်ယာလုပ်ငန်း ခွင်ရှိ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်း၊ဘဏ္ဍာရေး နှင့်စည်ပင်သာယာ ရေး ဝန်ကြီးဦးသန်းနိုင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးတို့က ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း