ပဉ္ဓမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့်ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးကျော်စိုးနိုင် ဘော်လီဘောအသင်းအုပ်ချုပ်သူ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မန္တလေးတိုင်းဒေသကြီး အမျိုသားဘော်လီဘောအသင်း ရွှေတံဆိပ်ဆုရတာ အင်မတန်ဝမ်းသာပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ အမျိုးသားဘော်လီဘောအားကစားသမား ၃၀ နဲ့ အမျိုးသမီးဘော်လီဘော အားကစားသမား ၃၀ ကို လူရွေးပွဲလုပ်ပါတယ်။ အဲဒီကနေ အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၁၄ ယောက်ကို ပဏာမရွေးချယ်ပြီး နိုဝင်ဘာ ၁ ရက်က စပြီးစခန်းသွင်းလေ့ကျင့်ပါတယ်။ အခုဘော်လီဘောပြိုင်ပွဲက အသက် ၂၀ အောက်ဆိုတော့ မျိုးဆက်သစ်အားကစားသမားတွေ အများကြီးထွက်ပေါ်လာနိုင်တယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းအနေနဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ရွှေမရတော့ဘဲအခုမှပြန်ရတာဖြစ်ပါတယ်။ အမျိုးသမီးအသင်းကတော့ အရင်က နှစ်နှစ်ဆက်တိုက်ရွှေရခဲ့တယ်။ အခုပြိုင်ပွဲမှာတော့ အသက် ၂၀ အောက်ဖြစ်သွားလို့ တတိယနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
မောင်အဂ္ဂပိုင်ဇေ ဂျူဒိုအားကစားပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု
အမျိုးသားဂျူဒိုပြိုင်ပွဲမှာ တတိယနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဒီပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလို့ အများကြီးဝမ်းသာပါတယ်။ အပြင်းအထန်လေ့ကျင့်ပြီး လာရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ကျွန်တော့်ရဲ့ ဂျူဒိုဆရာဖုန်းကျော်နဲ့တွေ့ပြီး လေ့ကျင့်ရေးသုံးလလောက်ဆင်းခဲ့ပါတယ်။ တစ်ပတ်လေးရက်လောက် လေ့ကျင့်ဖြစ်တယ်။ ဂျူဒိုအားကစားနည်းပြိုင်တဲ့အခါ အားကစားသမားတွေရဲ့ ခွန်အားနဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။ ဂျူဒိုအားကစားက အားလမ်းကြောင်းပေါ်မှာပဲမူတည်တော့ ဒီဘက်ကိုဖြတ်ရင် ဟိုဘက်ကိုဝင်မယ်။ ခြေထောက်တွေထိုးမယ်။ သူများကိုဖြတ်မှ ကိုယ်ကကိုင်ပေါက် လို့ရတဲ့ပုံစံမျိုးဖြစ်တယ်။ တတိယလုပွဲမှာ စစ်ကိုင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးအချုပ်နဲ့ အနိုင်ရတာမဟုတ်ဘဲ ကိုင်ပေါက်တဲ့နည်းနဲ့သာ အနိုင်ရလို့ တတိယရခဲ့တာဖြစ်ပါတယ်။
ဦးကျော်ထူးအောင် အတွင်းရေးမှူး မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက လူငယ်အားကစားသမားတွေ လာရောက်ယှဉ်ပြိုင်တဲ့ ပွဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံပြေးခုန်ပစ်လောကအတွက် မျိုးဆက်သစ်အားကစားသမားတွေ ရွေးချယ်ရတဲ့နေရာမှာ အများကြီးအထောက်အကူပြုတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ပြေးခုန်ပစ်အားကစားနည်းက ၂၄ နည်းကနေ ၂၈ နည်းအထိရှိပါတယ်။ အခုပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီးပေါင်းရင် ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ လူငယ်မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာဖို့အတွက်ကတော့ ပြိုင်ပွဲတွေများများကျင်းပပေးနိုင်ဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အားကစားလောကဖွံ့ဖြိုးတိုးတက်အောင် အသက် ၁၄ နှစ်အောက်တွေ၊ အသက် ၁၆ နှစ်အောက်ပြိုင်ပွဲတွေကပိုအရေးကြီးပါတယ်။ အဲဒီပြိုင်ပွဲတွေများများလုပ်မှ အသက် ၁၆ နှစ်အထက် မြန်မာ့လက်ရွေးစင်အားကစားသမားတွေ မွေးထုတ်လို့ရမှာပါ။ ဒါကြောင့် အခြေခံပညာအဆင့်ပြိုင်ပွဲတွေလည်း စဉ်ဆက်မပြတ်ကျင်းပပေးဖို့ လိုမှာဖြစ်ပါတယ်။
မောင်ညီညီထွန်း ပြေးခုန်ပစ်ပြိုင်ပွဲဝင် ကရင်ပြည်နယ်ကိုယ်စားပြု
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ရဲ့ အမျိုးသားပြေးခုန်ပစ်ပြိုင်ပွဲမှာ ၁ ဒသမ ၉၆ နဲ့စံချိန်တင်ပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တာကို ကရင်ပြည်နယ်ကိုယ်စားပြု ကစားသမားတစ်ဦးအနေနဲ့ ဂုဏ်ယူရပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကလည်း တစ်ခါဝင်ပြိုင်ဖူးပါတယ်။ အဲဒီတုန်းကလည်း ဆုရခဲ့ပါတယ်။ ဒီနေ့ပါဝင် ယှဉ်ပြိုင်ဖြစ်တာကတော့ အမြင့်ခုန်တစ်မျိုးတည်းဖြစ်ပြီး အဲဒီပြိုင်ပွဲမှာပဲ ရွှေတံဆိပ်ဆုရခဲ့တာဖြစ်ပါတယ်။ အခုလိုရွှေတံဆိပ်ဆုရဖို့ ဒီအားကစားပြိုင်ပွဲကြီး မစတင်မီနှစ်လလောက် ကြိုးကြိုးစားစား လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
ကိုဇေယျာမင်း ဘိလိယက်/စနူကာ ကရင်ပြည်နယ်ကိုယ်စားပြု
ဘိလိယက်/စနူကာ အားကစားနည်းနဲ့ပတ်သက်ပြီး အတွေ့အကြုံကတော့ ၂၆ နှစ်လောက် ရှိသွားပါပြီ။ အခုလို နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲတွေမှာတော့ တစ်ခါမှဝင်ရောက်ယှဉ်ပြိုင်ဖူးတာမရှိပါဘူး။ အရင်က မြဝတီကလပ်မှာတော့ဝင်ပြိုင်ဖူးပါတယ်။ ဒီအားကစားနည်းပညာက အတော်လေးခက်ခဲတယ်။ ကျွန်တော်လည်း အခုထိသင်ယူနေဆဲပဲဖြစ်ပါတယ်။ အခုလို အားကစားပြိုင်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်တော့ ပြိုင်ပွဲအတွေ့အကြုံများများရပြီး စွမ်းရည်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်။
ကိုတင့်နိုင်ဝင်း အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုယ်စားပြု
ဒီပြိုင်ပွဲဝင်ပြိုင်နိုင်ဖို့ ကျွန်တော်တို့လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအတွေ့အကြုံကတော့ ၂၀၁၉ ခုနှစ်က ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲမှာ ဝန်ကြီးဌာနကိုယ်စားပြု ဘော်လီဘောအသင်းနဲ့အတူ ဒိုင်းရခဲ့ဖူးပါတယ်။ လူငယ်ပွဲတွေမှာလည်း အရှေ့တောင်အာရှ သဲသောင်ပြင်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးပါတယ်။ အသင်းကခြောက်ယောက် ကစားတာဖြစ်လို့ တစ်ယောက်ကောင်းနဲ့ မရတော့အတွေ့အကြုံနုတဲ့ လူငယ်တွေကို ဆွဲခေါ်ရတာတော့ရှိပါတယ်။ အကောင်းဆုံးတော့ ယှဉ်ပြိုင်ကစားသွားမှာပါ။
မနှင်းသဲ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်မကအမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲမှာ မီတာ ၂၀၀ ပြိုင်ပွဲမှာရော မီတာ ၄၀၀ ပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့ပါတယ်။ မီတာ ၄၀၀ ပြိုင်ပွဲ မှာတော့ အဆင့် ၄ နဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အရင်ပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့ဖူးပါတယ်။ အများဆုံးဆုရတဲ့ ပြိုင်ပွဲကတော့ မီတာ ၄၀၀ ပြိုင်ပွဲမှာပဲဖြစ်ပါတယ်။