နေပြည်တော် ဒီဇင်ဘာ ၁၂
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှအချို့အား ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
ဒေါ်ခင်အုန်း (တန်းမြင့်ခုန်မြန်မာ့လက်ရွေးစင်) မြန်မာနိုင်ငံ ပြေးခုန်ပစ် တန်းမြင့်ခုန် လက်ရွေးစင်နည်းပြ
ကျွန်မကလက်ရှိ လက်ရွေးစင်အသင်းနည်းပြအနေနဲ့ တာဝန်ယူနေသူဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျွန်မတို့တန်းမြင့်ခုန်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအတွက် စံချိန်သစ်တင်နိုင်ခဲ့တယ်။ ကရင်ပြည်နယ်က မောင်ညီညီထွန်းက ၁ ဒသမ ၉၆ နဲ့ စံချိန်သစ် တင်ခဲ့တာပါ။ နယ်ကအားကစားသမားလေးဆိုတော့ ဖိနပ်တောင်ကောင်းကောင်းမရှိပါဘူး။ ဒါကြောင့် ကျွန်မတပည့်လေးတစ်ယောက်ရဲ့ ဖိနပ်ကိုပေးပြီး သူ့ကိုခုန်ခိုင်းတယ်။ လေ့ကျင့်ချိန်လည်းမရှိ၊ ဖိနပ်လည်းမရှိတာတောင် ဒီအတိုင်းခုန်လိုက်တာ ၆၀ ရတယ်။ တကယ့်ပြိုင်ပွဲဝင်တော့ ၇၀ နဲ့ သူရွှေရတယ်။ အဲဒီမှာသူ့ရဲ့ talent ကို သတိပြုမိသွားတာ။ ဒီကြားထဲတစ်နှစ်နားပြီး သူ့အသက် ၁၇ နှစ်မှာ ပြန်လာပြိုင်တယ်။ လေ့ကျင့်ချိန် သေချာမရဘူး။ သူကအခုဆောက်လုပ်ရေးဝန်ကြီးဌာနမှာလည်း ကိုယ်စားပြုကစားသမား၊ ကရင်ပြည်နယ်ကလည်း သူ့ကိုလက်မလွှတ်ဘူး။ သူကသိပ်တော်တာကိုး။ ဒီကလေးကို ကျွန်မကိုယ်တိုင်လည်း ချီးကျူးမိတယ်။ သူကပြောစကားနားထောင်ပြီး နာခံလွယ်တယ်။ ပြောတဲ့အတိုင်း တစ်သွေမတိမ်းလိုက်ပါနိုင်တယ်။ ဘယ်အားကစားပဲဖြစ်ဖြစ် ကြိုးစားဖို့၊ လေ့ကျင့်ဖို့၊ ဇွဲရှိဖို့လိုအပ်သလို တစ်ဖက်မှာလည်းနာခံမှု၊ လေ့လာမှုတွေကလည်း အများကြီးလိုပါတယ်။ နောက်တစ်ခုကဆရာပေါ့။ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်သင်ကြားပေးမယ်။ ကလေးတွေနဲ့ တစ်သားတည်းကျ၊ အမြဲနီးကပ်နေပြီး သူတို့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေကို လေ့လာပြီး ဖြည့်ဆည်းပေးတဲ့ နည်းပြကောင်းတွေရှိမယ်ဆိုရင် အောင်မြင်တဲ့ကစားသမားတွေ ပိုမိုထွက်ပေါ်လာမှာပါ။
ဦးဝင်းထွန်းဦး မန္တလေးတိုင်းဒေသကြီး (ဘော်လီဘောနည်းပြချုပ်)
မန္တလေးတိုင်းအနေနဲ့ ရွှေတံဆိပ်ဆုနဲ့ ဝေးကွာခဲ့တာ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပါပြီ။ ဒီနေ့မှာ ရွှေတံဆိပ်ဆုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်တော်က မန္တလေးတိုင်းဒေသကြီး U-25 အောက်မှာ ၂၀၁၉ ခုနှစ်လောက်ကတည်းက နည်းပြအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး U-25 အောက်ပွဲတွေမှာတော့ တတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အမျိုးသား အားကစားပွဲတော်ဆိုတာကအခြားပွဲတွေနဲ့ မတူတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အား/ကာသိပ္ပံကျောင်းက တာဝန်ရှိသူတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့အတူ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် တစ်လခွဲလောက် အချိန်ယူကြိုးစားလေ့ကျင့်ပေးခဲ့တယ်။
ယခုပြိုင်ပွဲကြီးက တကယ်ကိုကောင်းပါတယ်။ ကျွန်တော်တို့ ကစားသမားဘဝက ၁၆ နှစ်၊ ၁၈ နှစ်၊ ၂၀ နှစ်၊ ၂၅ နှစ်အောက်ကစားခဲ့ရတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးပွဲတွေ တစ်နှစ်ကို နှစ်ပွဲ၊ သုံးပွဲရှိခဲ့တယ်။ ဒီဘက်နှစ်တွေမှာ သက်တမ်းလိုက်ပြိုင်ပွဲတွေ မလုပ်ဖြစ်တာကြာပါပြီ။ တစ်နှစ်မှာ ၂၅ နှစ်အောက် တစ်ပွဲလောက်ပဲလုပ်ဖြစ်နေတယ်။ အခုအသက် ၂၀ အောက် ပြိုင်ပွဲတွေမှာ တကယ့်မျိုးဆက်သစ် ကစားသမားတွေအများကြီးပေါ်ထွက်လာတာ အားရစရာပါပဲ။ အသင်းတိုင်းမှာ ကစားကြတဲ့ထူးချွန်တဲ့ကစားသမားတွေကို နှစ်နှစ်၊ သုံးနှစ်လောက် လေ့ကျင့်ပေးမယ်ဆို နေရာတစ်ခုအထိ ရောက်နိုင်တယ်။ မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက်ကို လူငယ်ကန့်တွေ ကနေတစ်ဆင့် အထောက်အကူပြုနိုင်တဲ့ ကစားသမားကောင်းတွေ အများကြီးရရှိမှာဖြစ်တယ်။ နောက်နှစ် နောက်နှစ်တွေမှာလည်း သက်တမ်းအလိုက် အသက် ၂၀ အောက်တွေကို နှစ်စဉ်ကျင်းပစေချင်တယ်။ လက်ရှိ လူငယ်ကစားသမားတွေက ခေတ်ကွာလာတာနဲ့အမျှ ဘော်လီဘောကို လေ့လာမှုအားနည်းတယ်၊ စိတ်ပါဝင်စားမှုအားနည်းတယ်၊ လေ့ကျင့်ချင်တဲ့စိတ်သိပ်မရှိကြဘူး။ ပြိုင်ပွဲလောက်ပဲ ကစားချင်ကြတယ်။ တကယ်အောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ချင်တယ်ဆို လေ့လာပါ၊ လေ့ကျင့်ပါ၊ စိတ်နဲ့ကိုယ်နဲ့ ကြိုးစားအားထုတ်မယ်ဆိုရင် အောင်မြင်မှုတွေရရှိမှာဖြစ်တယ်။
မဘုန်းပွင့်နိုင် (ရခိုင်ပြည်နယ်ပြိုင်ပွဲဝင်)ဗိုဗီနမ်
ကျွန်မက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှာ ကျောင်းတက်နေသူပါ။ မနှစ်က Grade 12 ပြီးသွားပါပြီ။ ဗိုဗီနမ်ကအသွက်ကစားနည်းဖြစ်လို့ ကျွန်မသဘောကျပါတယ်။ အရင်ကဝူရှူးကစားခဲ့ပြီး ဗိုဗီနမ်ကိုပြောင်းကစားတာကတော့ သိပ်မကြာသေးပါဘူး။ မြန်မာနိုင်ငံက ဗိုဗီနမ်မှာ ထူးချွန်သူတွေ အများကြီးရှိပြီး စီနီယာတွေအားလုံးကို သဘောကျတယ်။ ဥပမာအားဖြင့် မမေဟန်နီအောင်လွင်၊ ဆရာ ဟိန်းထက်တို့ရဲ့ ကစားကွက်တွေကို သဘောကျနှစ်သက်ပါတယ်။ မနှစ်က ဆီးဂိမ်းမှာသမီးတို့ ကန့်ဝင်ရသေးပေမယ့် ဗိုဗီနမ်အားကစားနည်းမပါလို့ ယှဉ်ပြိုင်ခွင့်မရခဲ့ဘူး။ လာမယ့်နှစ် ဆီးဂိမ်းလည်း ဗိုဗီနမ်ပါ၊ မပါသေချာတော့မသိသေးပါဘူး။ မြန်မာနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းတုန်းကသမီးတို့ ဗိုဗီနမ်အားကစားက ရွှေအများကြီးရခဲ့ဖူးပါတယ်။ ဒီကြားထဲ ပြတ်သွားသေးတယ်။ ဓားနှစ်လက်နဲ့ပြိုင်ရတဲ့ ပြိုင်ပွဲမှာ ငွေရပြီးဒီနှစ်မှာတော့ လက်သိုင်းအပြ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်က အမျိုးသား ၁၀ ဦး၊ အမျိုးသမီးငါးဦးနဲ့ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
မောင်မျိုးသန်းကျော် (စွမ်းအင်ဝန်ကြီးဌာန) ဘော်လီဘောအသင်း
အရင်ကဝန်ကြီးဌာနဖလား ပြိုင်ပွဲတွေ၊ မိသားစုပွဲတွေမှာ ကစားဖူးပါတယ်။ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာန အသင်းကအရင်က အစဉ်အလာကောင်းတွေ အများကြီးရှိတဲ့ ဝန်ကြီးဌာန အသင်းဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ အောင်မြင်မှု အားနည်းလာနေတယ်။ ဒါကြောင့် အခုအမျိုးသားအားကစားပွဲကြီးမှာ အကောင်းဆုံးယှဉ်ပြိုင်ဖို့ အချိန်ယူပြီးလေ့ကျင့်မှုတွေ များများလုပ်ထားပါတယ်။ ဒီနေ့မှာ စီးပွား/ကူးသန်းနဲ့ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ အခုလို အားကစားပွဲတွေကြောင့် ကိုယ့်ဝန်ကြီးဌာန အသင်းသားတွေ အချင်းချင်းလည်း ချစ်ခင်ရင်းနှီးမှုပိုရသလို၊ အခြားဝန်ကြီးဌာနက လူတွေနဲ့လည်း ချိတ်ဆက်မှုတွေရလာမယ်။ ဝန်ကြီးဌာနအချင်းချင်း ပိုပြီးရင်းနှီးချစ်ကြည်လာမယ်လို့ ထင်ပါတယ်။
မအိအိဖြိုး (ဧရာဝတီတိုင်းဒေသကြီးပြိုင်ပွဲဝင်) ပြေးခုန်ပစ်သုံးဆင့်ခုန် (ရွှေတံဆိပ်ဆုရှင်)
ကျွန်မက ဒီဇင်ဘာ ၁၀ ရက် ပြိုင်ပွဲဖြစ်တဲ့ အလျားသုံးဆင့်ခုန်မှာ ရွှေဆုရရှိထားပါတယ်။ မနက်ဖြန်မှာ မီတာ ၁၀၀ ပြိုင်ဖို့ရှိတယ်။ ကျွန်မအသက် ၁၈ နှစ်ကတည်းက ပြေးခုန်ပစ်စတင်ကစားခဲ့တာပါ။ အလျားခုန်မှာ တတိယ၊ လက်ဆင့်ကမ်းမှာ ဒုတိယနဲ့ သုံးဆင့်ခုန်မှာတော့ ရွှေရထားပြီးပြီ။ ပြေးခုန်ပစ်ကစားနည်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကြိုးစားမှု၊ သက်လုံကောင်းမှု၊ Speed စတာတွေအားလုံးရှိမှာဖြစ်သလို ဆရာတွေရဲ့ စနစ်တကျလမ်းပြပေးမှုလည်း လိုအပ်ပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်ကြံ့ခိုင်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့ အားကစားနည်းမို့ သမီးသဘောကျနှစ်သက်ပါတယ်။ အမျိုးသားအားကစား ပွဲတော်ကြီးကျင်းပပေးလို့ သမီးကျေးဇူးအများကြီးတင်ပါတယ်။ နောက်နှစ်တွေကျင်းပရင် ဆုတံဆိပ်နဲ့ အရုပ်အပြင် ငွေသားဆုချီးမြှင့်တာမျိုးကိုလည်း ရနိုင်မယ်ဆိုရင် သမီးတို့အားကစားသမားတွေအားလုံး ပိုဝမ်းသာကြမယ်လို့ ထင်ပါတယ်။
မကေဇင်ဖြိုး (တနင်္သာရီတိုင်းဒေသကြီး ပြိုင်ပွဲ ဝင်) ပြေးခုန်ပစ် မီတာ ၂၀၀ (ငွေတံဆိပ်ဆုရှင်)
ကျွန်မက စံချိန် ၂၇ ဒသမ ၀၅ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲမှာ ဒုတိယဆုရပါတယ်။ ပထမဆုကိုလည်း သမီးတို့ တနင်္သာရီတိုင်းဒေသကြီးက မနွေဦးခိုင်ကရရှိလို့ ပိုပြီး ဝမ်းသာပျော်ရွှင်ရပါတယ်။ သူ့ရဲ့စံချိန်က ၂၅ ဒသမ ၉၁ ဖြစ်ပါတယ်။ ကျွန်မကအသက် ၁၃ နှစ်ကတည်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲတွေမှာ နှစ်တိုင်းဝင်ပြိုင်ပြီး ရွှေ၊ ငွေ ပွဲတိုင်းရရှိထားပါတယ်။ အခုအသက်က ၂၀ ရှိပါပြီ။ ဇာတိကထားဝယ်မြို့ကဖြစ်ပြီး ဆရာတွေရဲ့ အနီးကပ်ကြီးကြပ်ပေးမှုနဲ့ အခုလိုအကောင်းဆုံးယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။ ပြေးခုန်ပစ်အားကစားက သက်လုံကောင်းရမယ်၊ Speed ကောင်းရမယ်။ ကြိုတင်ပြင်ဆင်မှုကလည်း အရေးကြီးပါတယ်။ ပြိုင်ပွဲအသံကြားတာနဲ့ လနဲ့ချီပြီး ပြင်ဆင်လေ့ကျင့်ကြရတာပါ။ ဥပမာအားဖြင့် မီတာ ၁၀၀ ပြေးမယ်ဆို မီတာ ၁၅၀၊ ၁၈၀ လောက်ပြေးရသလို၊ မီတာ ၂၀၀ ဆို မီတာ ၃၀၀ လောက်အထိလေ့ကျင့်ရတာပါ။ ကျွန်မကငယ်ငယ်ကတည်းက ပြေးခုန်ပစ်ကို အကြိုက်ဆုံးမို့ တောက်လျှောက်လေ့ကျင့်ခဲ့တာပါ။
မောင်မြင့်အောင် (ရခိုင်ပြည်နယ်ပြိုင်ပွဲဝင်) မြန်မာ့သိုင်းပြိုင်ပွဲ၊ လက်ထောက် နည်းပြအဆင့်၊ တစ်ကိုယ်တော် အပြပြိုင်ပွဲ ဓားနှစ်လက်/တုတ်ရှည်
ကျွန်တော်က ရခိုင်ပြည်နယ်ကဖြစ်ပါတယ်။ ဓားနှစ်လက်၊ တုတ်ရှည်နည်းပြအဆင့်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ကျွန်တော်က မြန်မာ့သိုင်းကိုငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ အသက် ၁၆ နှစ်မှာ စတင်ကစားခဲ့ပါတယ်။ မြို့နယ်အဆင့်လှံစွမ်းရည်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အခု အသက် ၂၄ နှစ်ရှိခဲ့ပါပြီ။ အခြားပြိုင်ပွဲတွေတော့ သွားရောက်မပြိုင်ခဲ့ဖူးပါဘူး။ ကျွန်တော့် သဘောက မြန်မာတိုင်း မြန်မာ့သိုင်းတတ်သင့်တယ်လို့မြင်တယ်။ မြန်မာ့သိုင်းကရိုးရာအမွေအနှစ်၊ သူ့မှာအားသာချက်တွေအများကြီးပဲ တုတ်၊ ဓား၊ လှံအားလုံး ကိုင်နိုင်သုံးနိုင်သလို ဗန်တို၊ ဗန်ရှည်လက်နက်မဲ့ စတဲ့ ဘယ်လိုပဲလာလာအသုံးပြုနိုင်တာက သူ့ရဲ့အားသာချက်ပါ။ မြန်မာ့သိုင်းမှာ ကျွန်တော်အကြိုက်ဆုံးက တုတ်သိုင်းပါ။ သူကဓားသိုင်းထက် မာန်နဲ့ထန်နဲ့ အားထုတ်သုံးလို့ရတယ်။ တုတ်သိုင်းဆိုပြီး အထင်သေးလို့မရဘူး။ တော်တော်လည်းခက်ခဲပါတယ်။
တွေ့ဆုံမေးမြန်း ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး၊
ဓာတ်ပုံ-ဟိန်းဇင်ထက်