နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည်။ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည်။ ဦးတည်ချက်(၉)ရပ်သည် နိုင်ငံတော်၏မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏လုပ်ငန်းတာဝန်အနှစ်ချုပ်ဖြစ်သည်။ အဆိုပါရည်မှန်းချက်များ အောင်မြင်ရေးအတွက် နိုင်ငံတော်က တိုက်ရိုက်ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖွဲ့အစည်းများကလည်း တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
“ဥပမာအားဖြင့် နိုင်ငံရေးဦးတည်ချက်ဖြစ်သည့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး”ဆိုသည့် အချက်နှင့်ပတ်သက်၍ ၎င်းအပေါ်အခြေခံ၍ မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကိုသွားသည့် လုပ်ဆောင်ချက်မျိုးဖြစ်ရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်တွင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံ့တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟူသည့် နိုင်ငံတော်၏အန္တိမရည်မှန်းချက်ကို ချမှတ်ထားသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများအခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော်လျက်ရှိသည်။ လက်ရှိတွင် နိုင်ငံရေးပါတီများတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့်စိစစ်ဆဲပါတီ တစ်ပါတီရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မရဘဲ လေ့လာခွင့်သာရရှိခဲ့သည့်အချက်ကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ထားသည်။
ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲများကိုအခြေခံပြီး အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်၍ တရားမျှတမှုရှိအောင် ဆောင်ရွက်နေသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် ဘာသာစကားငါးမျိုးဖြင့် ဖတ်ရှုလေ့လာနိုင်အောင် ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့က လွှင့်တင်ထားပြီးဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်သိက္ခာရှိသော ရွေးကောက်ပွဲနှင့်သိက္ခာရှိသော လွှတ်တော်ပေါ်ထွန်းလာစေရန်အတွက် အရည်အချင်းရှိသော လွှတ်တော်ကိုယ်စားလှယ်များ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာက လိုလားနှစ်သက်သည့် ပြည်သူများ၏ဆန္ဒဖြစ်သည့် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးအကောင်အထည်ဖော်သည့်အချိန်မှစ၍ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများကိုကျင်းပခဲ့ရာတွင် သုံးကြိမ်မြောက်ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲသမိုင်း၌ အစွန်းအထင်းဖြစ်စေခဲ့သော အရုပ်ဆိုးအကျည်းတန်သည့် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်။ ယင်းကိုသင်ခန်းစာယူ၍ လာမည့်ရွေးကောက်ပွဲတွင် စည်းကမ်းစနစ်ကျနပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏မျှော်မှန်းချက်၊ တိုင်းရင်းသားပြည်သူများ၏ လိုလားချက်ဖြစ်သည့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” နိုင်ငံရေးဦးတည်ချက်အကောင်အထည်ပေါ် အောင်မြင်ဖြစ်ထွန်းလာအောင် နိုင်ငံတော်နှင့်အတူ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။