ခရီးသွားလုပ်ငန်းသည် အရေးပါသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ဆက်စပ်နေသည့် လုပ်ငန်းအများအပြားကိုလည်း ဖွံ့ဖြိုးစေကာ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်သည်။ ယင်းလုပ်ငန်းများမှ ဒေသအတွက် ဝင်ငွေအများအပြားကို ရရှိစေနိုင်ပြီး ဒေသတွင်း လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုနိုင်သည်။
မိုးရာသီကုန်ဆုံးပြီးနောက် ပွင့်လင်းခြောက်သွေ့သော ကာလသည် မိမိတို့နိုင်ငံတွင် ခရီးသွားလာရန် အကောင်းဆုံးကာလဖြစ်ပြီး ရုံးပိတ်၊ ကျောင်းပိတ်ရက်များ၊ ဒေသအလိုက်ပွဲတော်များ၊ နှစ်သစ်ကူးကာလ စသည်တို့ကြောင့် ပုံမှန်အားဖြင့်ဆိုလျှင် ပြည်တွင်းခရီးသွားများ ခရီးထွက်ကြသည့်အချိန်အခါလည်းဖြစ်သည်။ မြန်မာတို့၏ ရိုးရာဓလေ့အရ ပြည်တွင်းခရီးသွားလာကြရာတွင် အများအားဖြင့် ဘုရားဖူးခရီးစဉ်များ သွားရောက်ကြခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အပန်းဖြေခရီးစဉ်များ၊ လေ့လာရေးခရီးစဉ်များ၊ စွန့်စားသွားလာမှုခရီးစဉ်များ စသည်ဖြင့် ခရီးစဉ်အသစ်များကိုလည်း စိတ်ဝင်စားလာကြသည်။ ခရီးသွားလုပ်ငန်းဆိုသည်မှာ ဧည့်သည်တစ်ဦးသည် ၎င်းနေထိုင်ရာအရပ်မှ အခြားဒေသများသို့ အပန်းဖြေရန် သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုဖြင့် တစ်ရက်ထက်မကသော အချိန်ကာလအတွင်း သွားရောက်လည်ပတ်သည့်ခရီးတွင် ပြုလုပ်ရသည့် လှုပ်ရှားဆောင်ရွက်မှုများဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ခရီးသွားဧည့်သည်တစ်ဦးအတွက် ဝန်ဆောင်မှုပေးရသည့် သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး၊ စားရေးသောက်ရေးတို့ အဓိကအရေးပါသကဲ့သို့ ခရီးသွားဝန်ဆောင်မှု၊ ဧည့်လမ်းညွှန်၊ အမှတ်တရကုန်ပစ္စည်း၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေး စသည်ဖြင့် ဆက်စပ်နေသည့် လုပ်ငန်းများသည်လည်း ဝန်ဆောင်မှုကောင်းကြောင့် နာမည်ကောင်းလျှင်ကောင်းသလို လုပ်ငန်းတိုးတက်ပြီးဝင်ငွေကောင်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိတို့မြို့၊ မိမိတို့ဒေသသို့ ခရီးသည်အများအပြား ဝင်ရောက်လည်ပတ်လာကြစေရေး၊ ခရီးသည်အရေအတွက် တိုးတက်မြင့်မားလာစေရေးအတွက် ဆွဲဆောင်မှုများပြုလုပ်ရန်၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရန်တို့အတွက် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းအများအပြားရှိရာ အောင်အောင်မြင်မြင်ဖော်ဆောင်နိုင်သည်နှင့်အမျှ ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေးတွင် “အိမ်သာမှဧည့်လာ” ဟူသည့် ဆိုရိုးစကားနှင့်အညီ သန့်ရှင်းသပ်ရပ်၍ သာယာလှပသည့်နေရာ၊ ဒေသခံများယဉ်ကျေးဖော်ရွေသည့်နေရာ၊ ဈေးနှုန်းသင့်မြတ်၍ အရသာပြည့်စုံသော အစားအသောက်ကောင် များ ရရှိနိုင်သည့်နေရာ၊ စိတ်ဝင်တစားလေ့လာလည်ပတ်ရန်၊ အပန်းဖြေရန် နေရာအများအပြားရှိသည့် ဒေသဖြစ်ရန်လိုအပ်သည့် အလျောက် မြို့တွင်းမြို့ပြင်လမ်းများတစ်လျှောက် အရိပ်ရပင်ပန်းပင်များ စိမ်းလန်းစိုပြည်သာယာလှပ၍ အမှိုက်သရိုက်များကင်းစင်ရေး၊ လူသွားစင်္ကြံများကောင်းမွန်ရေး၊ ရာသီအလိုက်ပွဲတော်များ ဖော်ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုများကောင်းမွန်ရေးတို့တွင် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာ လွန်စွာအရေးကြီးသည်။ ခရီးသွားဧည့်သည်များသည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကောင်းမွန်ရေးအတွက် အထောက်အကူပြုပေးနေသူများအဖြစ် ဒေသခံပြည်သူများက သိရှိနားလည်ထားကြရန်လိုသည်။
မိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးတို့မှာ ခရီးသွားလုပ်ငန်းအတွက် သဘာဝအရင်းအမြစ်များပြည့်စုံပြီး ဆွဲဆောင်မှုကိုယ်စီ၊ အလှကိုယ်စီရှိကြသည်။ မိမိတို့တွင် ပိုင်ဆိုင်ထားကြသည့် အလှအပများကိုဖော်ထုတ်ကာ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများအောင်မြင်မှုရရှိရေး ဆောင်ရွက်ကြရာတွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ မဖြစ်မနေလိုအပ်သည့်အလျောက် ဒေသခံပြည်သူတို့၏ ပါဝင်မှုအားဖြင့် တည်ဆောက်ကြရမည်ဖြစ်သည်။ ထို့အပြင် မိမိတို့ဒေသအတွင်း ခရီးစဉ်ဆိုင်ရာ သတင်းအချက်အလက်များအား ခရီးသွားပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် စဉ်ဆက်မပြတ်ထုတ်လွှင့်၍ ဈေးကွက်မြှင့်တင်မှုကို မပျက်မကွက်ပြုလုပ်ကြရန်လိုသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ခရီးသွားဝင်ရောက်မှုမှ ငွေကျပ်ငါးဘီလီယံခန့်ရရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားရာ မီးခိုးမထွက်သောစက်ရုံဟု ဆိုအပ်သည့် ခရီးသွားလုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် အလေးထားဆောင်ရွက်ကြခြင်းဖြင့် ဒေသစီးပွားမြင့်မားဖွံ့ဖြိုးနိုင် ကြပါစေကြောင်း။ ။