နေပြည်တော် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး ဦးဆောင်သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြဝတီရုပ်မြင်သံကြား (နေပြည်တော်) သို့ သွားရောက်လေ့လာကြရာ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ လေ့လာရေးအဖွဲ့သည် ပင်မအဆောက်အအုံရှိ Production Theatre ခန်းမတွင် မြဝတီရုပ်မြင်သံကြား “MWD Variety Theme Song” ဖြင့် ဧည့်ခံတင်ဆက်မှုနှင့် “Channel Profile” ပြသမှုတို့အား ကြည့်ရှုကြသည်။
ထို့နောက် မြဝတီရုပ်မြင်သံကြား (နေပြည်တော်)တပ်မှူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စက်မှုဌာနမှူးက ပင်မထုတ်လွှင့်ရေးစက်ရုံ၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား (နေပြည်တော်)ရှိ Production Studio Room တွင် Healthy Life Program ရိုက်ကူးရေးဆောင်ရွက်နေမှု၊ Master Control Room တွင် Monitoring System နှင့် Storage Serverတို့၏ ဆောင်ရွက်နိုင်မှု ၊ Live Stream သတင်းထုတ်လွှင့်နေမှု ၊ News Studio Room တွင် ပြည်တွင်းသတင်းထုတ်လုပ်မှုနှင့် သတင်းထုတ်လွှင့်ရန် ရိုက်ကူးရေးဆောင်ရွက်မှု၊ Presentation Room တွင် နေ့စဉ်ထုတ်လွှင့်သည့် အစီအစဉ်များအား ကြည့်ရှုလေ့လာမေးမြန်းကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား ပင်မထုတ်လွှင့်ရေးစက်ရုံရှိ စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းကြပြီး မြဝတီရုပ်မြင်သံကြား (နေပြည်တော်)တပ်မှူးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။