Skip to main content

Asean Cup အုပ်စု(B) ဒုတိယနေ့ ယနေ့ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၁၁

2024 Asean Cup ပြိုင်ပွဲ အုပ်စု(B)ဒုတိယနေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု(B)ဒုတိယနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ်ကွင်း၌ ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့ရှိ မာနာဟန်ကွင်း၌ အင်ဒိုနီးရှားအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နောက်တစ်ဆင့်တက်ရေးအတွက် ယခုပွဲများမှာ အရေးပါနေပြီး နိုင်ပွဲရထားသည့် အင်ဒိုနီးရှားအသင်းအနေဖြင့် အိမ်ကွင်း၌ နိုင်ပွဲဆက်ရန်ကြိုးပမ်းရမည်ဖြစ်သလို ရှုံးပွဲကြုံတွေ့ထားသည့် မြန်မာနှင့် လာအိုအသင်းတို့မှာလည်း အမှားမခံတော့သည့် အနေအထားဖြစ်နေသည်။ ပထမဆုံးပွဲကို အိမ်ကွင်းစတင်ကစားရမည့် ဖိလစ်ပိုင်အသင်းမှာလည်း မြန်မာအသင်းထံမှ အမှတ်ရရန် ကြိုးပမ်းမည်ဖြစ်ရာ ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ရာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် ကွင်းလယ်ကစားသမားလွင်မိုးအောင်တို့ တက်ရောက်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက “ပထမပွဲမှာ အမှတ်ဆုံးရှုံးထားလို့ ကျွန်တော်တို့အတွက် ဒီပွဲစဉ်က အရေးကြီးပါတယ်၊ အနိုင်သုံးမှတ်ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ၊ ပြိုင်ဘက်ဖိလစ်ပိုင်အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်အပေါ် လေးစားမှုရှိပါတယ်” ဟု ပြောသည်။ ကွင်းလယ်ကစားသမား လွင်မိုးအောင်က “ကျွန်တော်တို့ ရောက်နေတဲ့အခြေအနေကို ကျွန်တော်တို့ သိပါတယ်၊ အဲဒီအတွက် တစ်သင်းလုံးသေချာပြင်ဆင်ပြီး ကြိုးစားနေကြပါတယ်၊ မနက်ဖြန်ပွဲစဉ်မှာ ခြေစွမ်းပိုင်းရော ရလဒ်ပါအကောင်းဆုံးဖြစ်ဖို့ ကြိုးစားသွားမှာပါ”ဟု ပြောသည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF