မနော်မြတ်နိုးရွှေစင်
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အားကစားပွဲစဉ်များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပလျက်ရှိပြီး အားကစားနည်းအသီးသီးမှ ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
မညောင်ရှန်းဟွေ့ အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဝင် ချင်းပြည်နယ်ကိုယ်စားပြု
အရင်တုန်းကတော့ အခုလိုနိုင်ငံတော်အဆင့် ကျင်းပတဲ့ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာတော့မရှိပါဘူး။ လက်ဝှေ့ပြိုင်ပွဲတွေမှာ အတွေ့အကြုံအများကြီးတော့မရှိပါဘူး။ နိုင်ငံတော်အဆင့် ပြိုင်ပွဲဝင်ပြိုင်တာ အခုတစ်ကြိမ်က ပထမဆုံးပါ။ အရင်က အား/ကာသိပ္ပံက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာပဲ အများဆုံးဝင်ပြိုင်ဖြစ်တာပါ။ လက်ဝှေ့အားကစားကိုတော့ ငယ်ငယ်လေးကတည်းက စိတ်ဝင်စားလို့ သင်ယူခဲ့တာပါ။ နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာ ပထမဆုံးယှဉ်ပြိုင်ခွင့်ရတာဖြစ် သလိုအတွေ့အကြုံသစ်တွေလည်း ရပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မနော်မြတ်နိုးရွှေစင်အမျိုးသမီးဂျူဒိုပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု
ဂျူဒိုအားကစားကို စိတ်ဝင်စားလို့လေ့လာခဲ့တာ လေးနှစ်လောက်ရှိပါပြီ။ အခုလို နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာကို အများကြီးဂုဏ်ယူပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက်ကတော့ ပြိုင်ပွဲမစမီလေးလလောက်ကတည်းက ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။ အခုလို ပြိုင်ပွဲတွေကျင်းပပေးတော့ မျိုးဆက်သစ်ကစားသမားတွေလည်း အများကြီးထွက်ပေါ်လာမယ်။ ပြီးရင် ပြိုင်ပွဲအတွေ့အကြုံများလာတော့ ကစားသမားတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေလည်း မြင့်မားလာမယ်လို့ ယုံကြည်ပါတယ်။ ဘယ်အားကစားမဆိုအမြဲတမ်းလေ့ကျင့်နေမှ အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အခုလိုပြိုင်ပွဲတွေ များများကျင်းပပေးနိုင်မယ်ဆိုရင် အားကစားသမားတွေအတွက် အဆင်ပြေသလိုနိုင်ငံ့လက်ရွေးစင်ဖြစ်လာဖို့လည်း အခွင့်အလမ်းရှိလာမှာ ဖြစ်ပါတယ်။
မသဲအိမွန်သောင်း အမျိုးသမီးဖူဆယ်ပြိုင်ပွဲဝင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အောက်တိုဘာလကတည်းက စခန်းသွင်းလေ့ကျင့်မှုတွေ စတင်ပြီးပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးဖူဆယ်ပြိုင်ပွဲမှာ အသင်းတိုင်းက အတော်လေးပြင်ဆင်လာတာ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အမှားမခံဘဲကစားခဲ့ပါတယ်။ နှစ်လလောက်စခန်းသွင်းလေ့ကျင့်ပြီးမှ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဖူဆယ်ပြိုင်ပွဲဝင်ပြိုင်ဖြစ်တာကတော့ ပထမဆုံးအကြိမ်ပါ။ အရင်ကကွင်းကြီးမှာပဲ ကစားခဲ့တာပါ။ ငယ်ငယ်ကတည်းက ဘောလုံးပြိုင်ပွဲတွေပါဝင်ကစားခဲ့ပေမယ့် အခုလိုနိုင်ငံတော် အဆင့်ပြိုင်ပွဲတွေမှာတော့ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ အခုလိုပြိုင်ပွဲတွေကျင်းပပေးတာ ကျေးဇူးလည်းတင်တယ်။ အားကစားပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် ကိုယ့်နိုင်ငံအတွက် အားကစားသမားကောင်းတွေလည်း ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ အခုပြိုင်ပွဲမှာ အတွေ့အကြုံတွေ အများကြီးရပါတယ်။
ဦးအောင်မျိုးဆွေ အမျိုးသမီးပိုက်ကျော်ခြင်း အုပ်ချုပ်သူ/နည်းပြ ရခိုင်ပြည်နယ်ကိုယ်စားပြု
အခုပြိုင်ပွဲက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖြစ်တာနဲ့အညီ စည်စည်ကားကားကျင်းပနိုင်တဲ့အတွက် အများကြီးဝမ်းသာ ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ ကစားသမားဘဝကတော့ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ အရှေ့တောင်အာရှအားကစားပွဲတော်မှာ ပါဝင်ကစားခဲ့ပါတယ်။ ကစားသမားဘဝမဟုတ်ပေမယ့် နည်းပြဘဝမှာ အခုလိုမျိုးနိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးမှာ အုပ်ချုပ်သူ/နည်းပြအနေနဲ့ တစ်ထောင့်တစ်နေရာကနေပါဝင်ခွင့်ရတာကိုလည်း အများကြီးဝမ်းသာပါတယ်။ အထူးသဖြင့် ဒီပြိုင်ပွဲကြီးမှာ အလားအလာကောင်းတဲ့ ကစားသမားတွေ အများကြီးတွေ့ရတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်း အမျိုးသားအားကစားသမားတွေရော၊ အမျိုးသမီးအားကစားသမားတွေရော တော်တော်လေးကောင်းကြပါတယ်။ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အသက် ၁၄ နှစ် အရွယ်ကလေးတွေလည်းပါတာ ဖြစ်တာကြောင့် တစ်ချိန်ချိန်မှာ နိုင်ငံ့လက်ရွေးစင်ကစားသမားတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲအတွက် လေ့ကျင့်ခဲ့ရတာကတော့ နှစ်လလောက်ပြင်ဆင်လေ့ကျင့်ခဲ့ရပါတယ်။
ဦးစိုးဇော်ဇော် အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကိုယ်စားပြု
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာဝန်ကြီး ဌာနကိုယ်စားပြု ဘော်လီဘောအသင်းမှာ လက်ရှိဝင်ရောက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ကျင်းပတဲ့ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရတာကိုလည်း အင်မတန်ဂုဏ်ယူပါတယ်။ အားကစားဆိုတာကလည်း အမြဲတမ်းလေ့ကျင့်နေမှ အရည်အချင်းပိုပြည့်တာပါ။ အခုလိုမျိုးပြိုင်ပွဲတွေ ကျင်းပပေးတော့ အားကစားသမားတွေအတွက် ပြိုင်ပွဲအတွေ့အကြုံလည်းပိုမိုရတာမို့ ဒီလိုပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပပေးစေချင်ပါတယ်။ ပြိုင်ပွဲကြီးကျင်းပဖြစ်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မနန္ဒာဝင်း မြန်မာ့သိုင်းပြိုင်ပွဲဝင် ကချင်ပြည်နယ်ကိုယ်စားပြု
အခုလို နိုင်ငံတော်အဆင့်ကျင်းပတဲ့ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲကြီးမစမီ လေးငါးလလောက်ကတည်းက စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရတဲ့အချိန်မှာတော့ အတော်လေးစိတ်လှုပ်ရှားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်ပေါင်းစုံနဲ့ တွေ့ဆုံရသလို ပြိုင်ပွဲအတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ အခုလိုမျိုးပြိုင်ပွဲတွေ များများကျင်းပပေးနိုင်ရင် ပိုကောင်းပါတယ်။ ပြိုင်ပွဲတွေရှိမှ ဘယ်ကစားသမားမဆို လေ့ကျင့်မှုပိုများတာမို့ နောက်ထပ်လည်း အခုလိုမျိုး အားကစားပြိုင်ပွဲတွေဆက်လက်ပြီး ကျင်းပပေးနိုင်အောင်လည်း စီစဉ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။