နေပြည်တော် ဒီဇင်ဘာ ၁၁
အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual ဖြင့်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် လွတ်လပ်စွာအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၈၇ ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အာဏာတည်ပြီးနောက် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၃၃ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၈ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်းတစ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်ကိုးဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်တစ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တစ်ဖွဲ့၊ စုစုပေါင်း ၃၀၅၄ ဖွဲ့ ဖွဲ့စည်းထားရှိကြောင်းနှင့် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အွန်လိုင်းဖြင့် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ခုံသမာဓိအဖွဲ့ဝင်များနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့် အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်းဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဩဂုတ် ၂၃ ရက်တွင်ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး အွန်လိုင်းဖြင့် တက်ရောက်လာကြသော ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်