နေပြည်တော် ဒီဇင်ဘာ ၁၁
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှအချို့အား ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
ဦးဝဏ္ဏထွန်း
(ဂျူဒိုနည်းပြ၊ ကချင်ပြည်နယ်အသင်း)
ကျွန်တော်တို့အသင်းအနေနဲ့ ပထမဦးဆုံး ကချင် ပြည်နယ်အတွက် ရွှေတံဆိပ်ဆု ရယူပေးနိုင်တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာပျော်ရွှင်မိတယ်။ ဂျူဒို (KATA)ကစားနည်းက ထည့်သွင်းကစားတာ သုံးနှစ်ပဲ ရှိသေးတယ်။ ဒီပြိုင်ပွဲမှာဆို ၁၅ မျိုး ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက် အများကြီးလေ့ကျင့်ရတယ်။ ကျွန်တော် တို့နိုင်ငံမှာက ပြိုင်ပွဲတွေနည်းတဲ့အတွက် ခုလိုအားကစားပွဲတော်တွေ များများကျင်းပပေးမယ်ဆို မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာမယ်။ ဒီပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် လေ့ကျင့်မှုတွေကအစ နှစ်လ၊ သုံးလကြာ ကြိုတင်လေ့ကျင့်ရတော့ ကစားသမားတွေအတွက် ကစားအားပိုကောင်းတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ့် ကစားသမားတွေလည်း ထွက်ပေါ်လာနိုင်တယ်။ ပြည်နယ်အစိုးရကလည်း ထောက်ပံ့မှုအပြည့် ပံ့ပိုးပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။
ဦးစိုးထွဋ်ဦး(နည်းပြ)
ရန်ကုန်တိုင်းဒေသကြီးအသင်း
ကျွန်တော်တို့ တိုက်ကွမ်ဒိုအသင်းအနေနဲ့လက်ရှိမှာ ရွှေတံဆိပ်ခြောက်ဆု ရရှိထားပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အံ့မခန်းဖြစ်ရပါတယ်။ ရွှေတံဆိပ်ဆုရရှိတဲ့အတွက်လည်း ဝမ်းသာမျက်ရည်ကျမိပါတယ်။ လေ့ကျင့်မှု ကာလနှစ်လအတွင်းမှာ တစ်နေ့ကို Training လေးကြိမ်သတ်မှတ်ပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ အခုလို အားကစားပွဲတော်ကြီး ကျင်းပတဲ့အတွက် အားကစားသမားကောင်းတွေ ထွက်ပေါ်လာတယ်။ ဆီးဂိမ်းအတွက်လည်း ကစားသမားကောင်းတွေ ထပ်မံရွေးချယ်ခွင့်ရသလို နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ရွှေတံဆိပ်ဆုရှင်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အားကစားပွဲတော်ကြီးမှာ ပံ့ပိုးမှုတွေ များစွာပေးထားသလို ကစားသမားတွေရဲ့ ကြိုးစားမှုအပေါ်မှာ ဆုတံဆိပ်နဲ့ ဆုကြေးငွေပါ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးတာတွေ့ရတယ်။ တိုင်းဒေသကြီးကလည်း ဆုကြေးငွေပေးတဲ့အတွက် များစွာအားတက်ရပါတယ်။ အခုလိုအားကစားပွဲတော်တွေ များများကျင်းပပေးမယ်ဆိုရင် ကစားသမားတွေအတွက်တော့ အတိုင်းထက်အလွန် ဝမ်းသာရပါတယ်။
အောင်ခေတ်ပိုင်
တိုက်ကွမ်ဒို
ကျွန်တော့အသင်းက သုံးယောက်တွဲ တိုက်ကွမ်ဒို ကကွက်အသင်းလိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိပြီး ရန်ကုန်တိုင်းရဲ့ ဂုဏ်ဆောင်နိုင်တဲ့အတွက် ပျော်ရွှင်ရပါတယ်။ လေ့ကျင့်မှုကတော့ နှစ်လကြာလေ့ကျင့်ခဲ့ရ ပြီး အသင်းလိုက်ယှဉ်ပြိုင်ပွဲဖြစ်လို့ ကကွက်အလှပြတဲ့ နေရာမှာ ညီညာမှုရှိအောင် ပြိုင်ပွဲဝင်အားလုံးက စိတ်တူကိုယ်တူ ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ ဒီအားကစားပွဲတော်ကြီးကနေ မျိုးဆက်သစ်ကစား သမားတွေထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ အားကစားပွဲတော်တွေကျင်းပတာက လက်ရွေးစင်အားကစားသမားကောင်းတွေ ထွက်ပေါ်လာပြီး တစ်ချိန်က အောင်မြင်မှုတွေရရှိခဲ့တဲ့ မြန်မာတွေရဲ့အားကစားခေတ်တစ်ခေတ်ကို ပြန်လည်ရရှိနိုင်မယ် လို့ ယုံကြည်ပါတယ်။
မပြည့်စုံအောင်၊ မအိအိသဇင်ဇော်
(ဂျူဒို KATA ၊ ကချင်ပြည်နယ်အသင်း)
သုံးလကြာလေ့ကျင့်မှုကနေ ကချင်ပြည်နယ်အတွက် ရွှေတံဆိပ်ဆု ရယူပေးနိုင်တဲ့အတွက် အလွန်ပျော်ပါတယ်။ ကျွန်မတို့ယှဉ်ပြိုင်တဲ့ ဂျူဒို KATA ပြိုင်ပွဲမှာ ကစားနည်း ၁၅ မျိုး ယှဉ်ပြိုင်ရတဲ့အတွက် ကြိုးစားလေ့ကျင့်ခဲ့တယ်။ အားကစားပွဲတော်ကြီး ကျင်းပပေးတဲ့အတွက် လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အခွင့်အလမ်းတွေရရှိနိုင်သလို ကြိုးစားရင် အောင်မြင်မှုတွေကနေ နိုင်ငံ့လက်ရွေးစင်ကစားသမားတွေ ပေါ်ထွက်နိုင်ပါတယ်။ အခုလို အားကစားပွဲတော်တွေကို များများကျင်းပပေးဖို့လည်း ကစားသမားတစ်ယောက်အနေနဲ့ မျှော်လင့်ပါတယ်။
မနန္ဒာဝင်း(ကချင်ပြည်နယ်ကိုယ်စားပြု)
မြန်မာ့သိုင်းပြိုင်ပွဲ
ကျွန်မက ကချင်ပြည်နယ်ကနေ ဓားနှစ်လက်/တုတ်ရှည်ပြိုင်ပွဲ နှစ်ပွဲယှဉ်ပြိုင်တာပါ။ မြန်မာ့သိုင်းကို စတင်လေ့ကျင့်တာ တစ်နှစ်ဝန်းကျင်ပဲရှိသေးတော့ အကျွမ်းကျင်ဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ပြိုင်ပွဲကြီးကျင်းပတော့ ဝမ်းသာပြီး သေသေ ချာချာ လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ မြန်မာ့သိုင်းကို စိတ်ဝင်စားပါတယ်။ ကျွန်မတို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မြန်မာ့သိုင်း သင်တန်းတွေလည်းရှိတာမို့ တက်ခွင့်ရခဲ့တယ်။ မြန်မာ့သိုင်းဆိုတာ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သလို ကိုယ်ခံပညာ လည်းဖြစ်ပါတယ်။ မြန်မာ့အမွေအနှစ်ဘာသာရပ်မို့ သင်ကြားတဲ့အခါ မြန်မာ့အမွေအနှစ်ပညာတစ်ခုကိုလည်း ကာကွယ်ထိန်းသိမ်းပြီးသားဖြစ်သလို ခန္ဓာကိုယ်လည်း ကျန်းမာကြံ့ခိုင်တယ်၊ မိမိကိုယ်ကိုနဲ့ ရပ်ရွာကိုလည်း ကာကွယ်စောင့်ရှောက်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိလာမှာဖြစ်ပါတယ်။ မြန်မာ့သိုင်းမှာ ကျွန်မကဓားကိုင်ရတာ အကြိုက်ဆုံးပဲ။ ဓားစွမ်းပြတာကို သဘောကျတယ်။ ဘာကြောင့်လဲဆိုရင် အားနဲ့မာန်နဲ့ လုပ်ဆောင်ရတာမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတယ်။
မောင်လှိုင်မင်းခန့်
(ရွှေတံဆိပ်ဆုရ စစ်ကိုင်းတိုင်းဒေသကြီးပြိုင်ပွဲဝင်)
ဂျူဒို - 66 Kg ပြိုင်ပွဲ
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဂျူဒိုဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု ဟိန်းထက်ဇော်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပွဲစစချင်းမှာပဲ ကျွန်တော့်ဒူးဆစ်က ပြုတ်သွားပါတယ်။ ဒူးဆစ် ပြုတ်သွားပေမယ့် မလျှော့သောဇွဲနဲ့ ပြိုင်ဘက်ကို အနိုင်ရအောင်ယူမယ်ဆိုတဲ့ ခံယူချက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ အခါ ဖိုင်နယ်ပွဲဖြစ်တဲ့ ဗိုလ်လုပွဲကို တက်ရောက်လာပါ တယ်။ ဆီမီးဖိုင်နယ်ပွဲပြီးပြီးချင်းမှာ ဒူးဆစ်ကို ပြန်တည့်ပြီး ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်း ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ကရင်ပြည်နယ် ကိုယ်စားပြုစောမြသန်းဇင်ကို ပွဲစစချင်း မြန်မြန် အနိုင်ယူလိုက်ပါတယ်။ အဲဒီလို ဇွဲမလျှော့တဲ့အတွက်ကြောင့် ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဗဟိုအဆင့်ကို တက်လှမ်းလာကြတဲ့ အားကစားသမားတွေဆိုတော့အားလုံးက လက်ရည်တူတွေ ယှဉ်ပြိုင်ရတဲ့ပွဲ ဖြစ်ပါ တယ်။ အဲဒီလို လက်ရည်တူ အားကစားသမား တွေထဲကမှ ရွှေတံဆိပ်ဆုရဖို့ဆိုရင် ကြိုးစားရုံတစ်ခု တည်းနဲ့ မဖြစ်ပါဘူး။ ဇွဲ၊ လုံ့လ၊ ဝီရိယရှိဖို့ အင်မတန် လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကြီးမှာ ရွှေရခဲ့တယ်ဆိုတာ ဇွဲ၊ လုံ့လ၊ ဝီရိယကြောင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ အားကစားတွေလုပ်တဲ့အခါ တစိုက်မတ်မတ် ဇွဲရှိရှိ ကြိုးစားပါ။ အဲဒီရဲ့နောက်မှာ အောင်မြင်မှုပန်းတိုင်က အသင့်စောင့်နေတယ်ဆိုတာကို သိစေချင်ပါတယ်။ အခုဒီပြိုင်ပွဲကြီးကနေတစ်ဆင့် ဆီးဂိမ်းပြိုင်ပွဲကြီး အထိ ယှဉ်ပြိုင်သွားဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်။ အခုလို အားကစားပွဲတော်ကြီး ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်။ ဆရာသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မမေသက်ပိုင်(ရန်ကုန်တိုင်းဒေသကြီး)
အမျိုးသမီး ပထမဆုရဖူဆယ်အသင်း
ကျွန်မက အသက် ၁၆ နှစ်မှာ ဖူဆယ်စတင်ကစား ခဲ့ပါတယ်။ ကျွန်မတို့အခုအမျိုးသမီးပွဲမှာ ပထမဆု ရပါတယ်။ အဓိကကတော့ ကျွန်မတို့အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လေ့ကျင့်ခဲ့ကြတယ်၊ အပင်ပန်းခံခဲ့ကြတယ်။ အဲဒီအကျိုးကို အခုပြန်ခံစား ရတာဖြစ်တယ်လို့ထင်ပါတယ်။ ပြိုင်ဘက်အသင်း ဆိုရင်လည်း ဒီနေ့မှာ အကောင်းဆုံးကြိုးစားပြီး ကစားကြတာကို မြင်ရတယ်။ သူတို့လည်း အကောင်း ဆုံး ပြင်ဆင်ထားမှန်း သိသာပါတယ်။ ဒါပေမယ့် အားကစားဆိုတော့ အရှုံး၊ အနိုင်ရှိတာပါ။ ဒီပွဲမှာ အရှေ့တိုက်စစ်နေရာက ကစားခဲ့တယ်။ ခန္ဓာကိုယ်ကြီးတော့ လှည့်တာ၊ ကန်ထုတ်တာက အားသာချက် ဖြစ်နေတော့ ရှေ့တန်းမှာ ကစားခွင့်ရခဲ့ပါတယ်။
မသဲဆုဝေ (မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု)
မြန်မာ့သိုင်းပြိုင်ပွဲ
ကျွန်မကအမျိုးသမီးတစ်ဦး+ အမျိုးသားသုံးဦးအတိုက်မှာ ယှဉ်ပြိုင်တာပါ။ မြန်မာ့သိုင်းက အခြား ကိုယ်ခံပညာတွေနဲ့မတူပါဘူး။ တချို့ကခြေကို အဓိကသုံးကြတယ်။ တချို့ကစားနည်းက လက်ကို အဓိကထားသုံးတယ်။ မြန်မာ့သိုင်းကတော့ လက်ရော၊ ခြေရော၊ အနီးအနားကတွေ့ရာ တုတ်၊ ဓားအားလုံးကို အသုံးပြုနိုင်တယ်။ အပျော့လည်းရသလို အမာလည်းရတယ်။ အကောင်းဆုံးကတော့ မြန်မာ့သိုင်းသင်ရတာ အခြားကိုယ်ခံပညာတွေထက် ငွေကုန်ကြေးကျနည်းသလို မြန်မာ့ရိုးရာကိုယ်ခံပညာတွေကို ထိန်းသိမ်းပေးရာရောက်တယ်။ မြန်မာ့သိုင်းကို ဘာကြောင့်သင်ယူဖြစ်သလဲဆိုရင် မြန်မာမှန်ရင် မြန်မာ့သိုင်းတတ်ဖို့သင့်တယ်ဆိုတဲ့ အတွေးကြောင့်ပါ။ နောက်တစ်ခုက မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ကိုယ်ခံပညာ တစ်ခုခုတတ်ထားသင့်တာကြောင့် တတ်ဖြစ်ပါတယ်။ ကျွန်မက မန္တလေးတိုင်းဒေသကြီး အမရပူရက ရွှေခဲမင်းပင်မဆရာကြီး ဦးစိုးတင့်ဆီမှာ ပညာသင်ယူခဲ့ပါတယ်။ ငါးနှစ်တာသင်ယူခဲ့ပြီး ပြိုင်ပွဲကတော့ အခုမှပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။ ကန့်ဝင်ခဲ့တာ နှစ်လကြာခဲ့ပြီး နေ့စဉ်စနစ်တကျ လေ့ကျင့်မှုတွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ကျွန်မရဲ့ ရည်မှန်းချက်ကလည်း မြန်မာ့ရိုးရာသိုင်းပညာကို ကိုယ်တိုင်လည်း အကောင်းဆုံးလေ့လာသင်ယူပြီး တစ်နေ့နေ့မှာ ရိုးရာသိုင်းကလပ်အသင်း တည်ထောင်ပြီး မြန်မာ့သိုင်းကို ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်မယ်ဆိုပြီး ရည်မှန်းထားပါတယ်။