နေပြည်တော် ဒီဇင်ဘာ ၁၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ထိန်ချုံးမြို့ရှိ ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ် (၂၀၂၄) ဒုတိယနေ့အစီအစဉ်များကို ဒီဇင်ဘာ ၇ ရက်က ဆက်လက်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
သာယာလှပသောရွာဖြစ်
နံနက်ပိုင်း၌ ပြည်ပဆက်ဆံရေးဌာန တာဝန်ရှိသူများက ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို ထိန်ချုံးမြို့၏ အထင်ကရကျင်းကော (Ginkgo) ရွာသို့ လေ့လာရေးပို့ဆောင်ပေးရာ အဆိုပါရွာသည် နှစ်ပေါင်း ၁၃၀၀ ကျော်နှင့် ၁၁၀၀ ကျော် သက်တမ်းရှိသော Ginkgo ပင်ကြီးနှစ်ပင်နှင့် နှစ်တစ်ရာကျော်သက်တမ်းရှိသော Ginkgo ပင်ကြီးများဖြင့် သာယာလှပသောရွာဖြစ်ပြီး လက်ရှိလူဦးရေ ၄၀၀၀ ကျော် နေထိုင်လျက်ရှိ၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ လက်မှုနှင့်စက်မှုနည်းပညာတို့ပေါင်းစပ်ကာ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ ထုတ်လုပ်ရောင်းချသော ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်း၌ ဖိုရမ်(၂၀၂၄) အစီအစဉ်အရကျင်းပသော International Intellectual Property Innovative Cooperation Seminar in South and Southeast Asia ဖွင့်ပွဲအခမ်းအနားသို့ တောင်အာရှနှင့် အရှေ့တောင်အာရှခုနစ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်၌ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်မြှင့်တင်ရေးသည် တီထွင်ဆန်းသစ်ဖန်တီးနိုင်မှု၊ သုတေသနပြုမှု၊ သိပ္ပံနှင့်နည်းပညာ တိုးတက်မှုတို့အတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ၁၉၉၆ ခုနှစ်မှစ၍ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ရေးနှင့် ဥပဒေများပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခဲ့ပြီး ၂၀၀၁ ခုနှစ်၌ ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့အစည်း (World Intellectual Property Organization- WIPO)နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization-WTO)တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ၌ (Patent Law) ပြဋ္ဌာန်း နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်ပါကြောင်း။
နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် နည်းပညာလွှဲပြောင်းစင်တာ တည်ထောင်ထားပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလွှဲပြောင်းရေးနှင့် ဖြန့်ဝေရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၌ မူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းမှုများနှင့် အခင်းအကျင်းများ တည်ထောင်ပြီးဖြစ်ရာ စက်မှုကုန်ထုတ်စီးပွားရေး လုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း၊ ဉာဏပစ္စည်းမူပိုင်ခွင့် ပိုမိုအားကောင်းလာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Key Note Speech အစီအစဉ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံများက နိုင်ငံအလိုက် ဉာဏပစ္စည်းမူပိုင်ခွင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ညနေပိုင်းတွင် ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်