Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ နေပြည်တော် - တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ

နေပြည်တော် ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်လေ့လာကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဦးစွာ ပင်မအဆောက်အဦရှိ Auditorium ခန်းမ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “(၇၈)နှစ်မှသည် ပြည်သူ့အတွက် MRTV” ဗီဒီယိုကလစ်ပြသမှုအား ကြည့်ရှုကြသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက ဝမ်းမြောက်စကားပြောကြားကာ ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်း ဖြင့် ဆက်လက်၍ ဖျော်ဖြေတင်ဆက်သည်။

လိုက်လံရှင်းလင်းပြသ

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Convergence News Room၊ MRTV HD Channel Studio၊ အရန် Studio၊ သတင်းနှင့်အစီအစဉ် ထုတ်လွှင့်ခန်းများ၊ Radio Studio နှင့် MRTV News Channel Studio တို့၌ သတင်းထုတ်လုပ်မှုနှင့် သတင်းထုတ်လွှင့်ရန် ရိုက်ကူးရေးဆောင်ရွက်ချက်များကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့အား MRTV အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့သည် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ကြေးမုံသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက် တို့သို့ရောက်ရှိလာရာ စာတည်းမှူးချုပ်များနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ဘိုးဝဇီရခန်းမ၌ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သတင်းစာထုတ်လုပ်ဖြန့်ချိနေမှုများ ဗီဒီယိုကလစ်ပြသမှုကိုကြည့်ရှုပြီး ပုံနှိပ်စက်ခန်းအတွင်း ကြည့်ရှုလေ့လာကြသည်။

သတင်းစဉ်