နေပြည်တော် ဒီဇင်ဘာ ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် မဟာမြတ်မုနိရုပ်ရှင်တော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ရေချမ်းနှင့်ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် စစ်ကိုင်းမြို့ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ရှိ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိသောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား သွားရောက်ဖူးမြော်ကြပြီး ဗုဒ္ဓဘာသာပြန့်ပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြသည်။
ဆက်လက်၍ ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲနှင့် အဖွဲ့သည် မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာလာပြီး ကုသိုလ်တော်ဘုရား၊ မဟာလောကမာရဇိန် ကျောက်တော်ကြီး ဘုရားနှင့် မန္တလေးတောင်တော်ရှိ ဆုတောင်း ပြည့်စေတီတော်တို့ကို သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကာလ်မီးကီယာပြည်နယ် အကြီးအကဲနှင့် အဖွဲ့အား Mingalar Mandalay Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်