Skip to main content

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆို

နေပြည်တော် ဒီဇင်ဘာ ၁၀

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြသည်။

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ တိုင်းရင်းသားတိုင်းရင်းသူများ၊ ကျောင်းသားကျောင်းသူများ၊ ယိမ်းအဖွဲ့များ၊ အမေများအဖွဲ့၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသောရိုးရာပန်းပညာရှင်များ၊ ဝံသာနုအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ပြည်သူများက စုပေါင်းကြိုဆိုကြသည်။

ထိုသို့ ကြိုဆိုကြစဉ် အနုပညာရှင်များက သင်္ကြန်သီချင်းများသီဆိုကြပြီး ပြည်သူများ၊ အကအဖွဲ့များနှင့် တက်ရောက်လာကြသူများက ပျော်ရွှင်စွာပါဝင်ကပြကာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်