Skip to main content

လေ့ကျင့်နေမှလည်း အားကစားဆိုတာ တိုးတက်တာ၊ စိတ်ဓာတ်ရှိမှလည်း လုပ်နိုင်တာ။ အားကစားဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်အောင်မြင်တယ် (ဒေါ်သန့်သန့်)

နေပြည်တော် ဒီဇင်ဘာ ၁၀

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းများနှင့် အားကစားရုံများ၌ကျင်းပလျက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဒေါ်သန်းသန်း မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင် ပြေးခုန်ပစ်အားကစားမယ်

ကျွန်မက အမျိုးသား အားကစားပွဲတော်ကြီးမှာ အလံတော်သယ်ယူမယ့်အဖွဲ့မှာ ပံ့ပိုးခွင့်ရခဲ့တယ်။ အမျိုးသားအားကစားပွဲတော်ကြီးကိုမြင်ရတာ ကိုယ့်နိုင်ငံမှာကျင်းပခဲ့တဲ့ဆီးဂိမ်းကို ပြန်ပြီးသတိရသွားစေပါတယ်။

အားကစားကွင်းဆိုရင်လည်း အောင်ဆန်းအားကစားကွင်းကြီးဟာ ကျောက်မီးသွေးကွင်းကြီး၊ ဖိနပ်ဆိုရင်လည်း ရိုးရိုးဖိနပ်သံအရှည်ကြီးတွေနဲ့ ကြိုးစားခဲ့ရတယ်။ အခုခေတ် ကစားသမားတွေဆိုရင် နိုင်ငံတကာအဆင့်မီကွင်းကြီးလိုပဲ မြန်မာပြည်မှာရှိနေ ပြီဆိုတော့ အကုန်လုံးကတန်းတူ ယှဉ်ပြိုင်လို့ရတယ်။ ကျွန်မတို့တုန်းက မိုးရေထဲမှာဗွက်တွေနဲ့ ကျောက်မီးသွေးကွင်းကြီးထဲမှာ ကိုယ့်နိုင်ငံအတွက်ကို တော်တော်လေး ကြိုးစားခဲ့ရတယ်။ ကျွန်မတစ်ယောက်တည်းနဲ့ တစ်နှစ်ကို အားကစားနည်းလေးခုမှာ ရွှေတံဆိပ်လေးခုနဲ့ အကောင်းဆုံး ကစားသမားဆုတောင်ရခဲ့ဖူးတယ်။ အခုက အသင်းတစ်ခုလုံးမှာတောင် ရွှေတံဆိပ်တစ်ခု မရနိုင်ဘူးဆိုတော့ တော်တော်လေးကိုလုပ်ရမှာပါ။ ကျွန်မတို့လည်း အသက်ကြီးပြီဆို‌တော့ တတ်နိုင်သလောက်ပံ့ပိုးပေးပါတယ်။ စံချိန်တွေတက်လာအောင်၊ အောင်မြင်မှုတွေရအောင်ဆိုရင် ကိုယ်တိုင်ကကြိုးစားအား ထုတ်မှုရှိမှရမယ်။ အခုလို အမျိုးသား အားကစားပွဲတော်တွေ လုပ်တဲ့အတွက် ထူးချွန်တဲ့ကစားသမားတွေ ထွက်လာမယ်။ အခုဆိုရင် ကျောင်းတွေကနေလည်း ကစားသမားတွေထွက်ပေါ်လာတယ်။ လူငယ်မျိုးဆက်သစ် ကစားသမားတွေ မွေးထုတ်နိုင်တယ်။ အခုဆိုရင်ဝန်ကြီးဌာနတွေက ကလေးတွေအတွက်ကိုလည်း တစ်ဖက်တစ်လမ်းကနေ လေ့ကျင့်ပေးနေတယ်။ မသန်စွမ်းမှာဆိုလည်း အမြဲတမ်းလေ့ကျင့်ပေး တယ်။ အခုဆိုလည်း နိုင်ငံတော်ကနေပြီးတော့ အားကစားဝတ်စုံကအစ နိုင်ငံခြားသွားတဲ့အခါ အစစအရာရာနိုင်ငံတကာနဲ့ တန်းတူဖြစ်လာတယ်။ အခုကတော့ အလားအလာရှိတဲ့ ကစားသမားတွေအနေနဲ့ ဝန်ကြီးဌာနတွေမှာ အလုပ်တွေရကြတယ်။ အဲဒီကနေတစ်ဆင့် လေ့ကျင့်ချိန်တွေရလာတယ်။ စိတ်ဝင်စားလာတယ်။ လေ့ကျင့်နေမှလည်း အားကစားဆိုတာတိုးတက်တာ၊ စိတ်ဓာတ်ရှိမှလည်းလုပ်နိုင်တာ။ အားကစားဆိုတာ ကိုယ်ကြိုးစားရင်ကြိုးစားသလောက် အောင်မြင် တယ်။ SEA Games မှာ ရွှေတံဆိပ်ဆုရတယ်ဆိုရင် နိုင်ငံတော်အနေနဲ့လည်း ဆုကြေးတွေကိုပထမဆု ကျပ်သိန်း ၃၀၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၀ ရတဲ့အတွက် တချို့ဆိုရင် အဆင်ပြေလာကြပြီ။ အခုဆိုရင် မသန်စွမ်းမှာလေ့ကျင့်ပေးနေတဲ့ ကစားသမားတွေဆိုရင် ကိုယ်လက်အင်္ဂါ မသန်စွမ်းပေမယ့် စိတ်ဓာတ်ပြင်းတော့ ခိုင်းသလောက်လုပ်နိုင်တယ်။ ကျိုက္ကဆံမှာ လေ့ကျင့်ပေးချိန်မှာဆိုရင် ခြေထောက်မသန်စွမ်းပေမယ့် လူကောင်းတွေနဲ့ ရင်ပေါင်တန်းတဲ့ အထိ လုပ်ကြတယ်။ နောက်နှစ် ကျရင်လည်း ထိုင်းနိုင်ငံမှာပါရာ ဂိမ်းရှိတဲ့အတွက် ဆုတံဆိပ်တွေအများကြီးရအောင် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် မသန်စွမ်း အားကစားမှာ နည်းပြလုပ်ပြီး လေ့ကျင့်ပေးနေပါတယ်။

ဦးသစ်လွင်(လက်ဝှေ့နည်းပြ)

တနင်္သာရီတိုင်းဒေသကြီး အားကစားအဖွဲ့

ကျွန်တော်ကတော့ ထားဝယ်မြို့ကပါ။ လက်ဝှေ့အားကစား နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ မျိုးဆက်သစ်လက်ဝှေ့ကစားသမားတွေကို မွေးထုတ်ပေးနေပါတယ်။ ၂၀၁၆ ခုနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးကနေ လက်ဝှေ့အားကစားနည်းနဲ့ ဖလားသုံးခုရအောင် လေ့ကျင့်ပေးခဲ့တဲ့နည်းပြအဖွဲ့မှာ ကျွန်တော်ပါပါတယ်။ ကျွန်တော်တို့တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနက ညွှန်ကြားရေးမှူးကလည်း လက်ဝှေ့အားကစားကို တော်တော်လေးအားပေးပံ့ပိုးပါတယ်။ ဒီလိုအားပေးမှလည်း မျိုးဆက်သစ်တွေတိုးလာမှာ။ ကျွန်တော်ကထားဝယ်မြို့နဲ့ ၂၄ မိုင်ဝေးတဲ့တောက အားကစားသမား၊ ကျွန်တော့်အဖေ ကိုယ်တိုင်ကလက်ဝှေ့သင်ပေးလို့ ထိုးတာ၊ ကျွန်တော့်အသက် ၁၆ နှစ်မှာ လက်ဝှေ့စင်ပေါ်ရောက်တယ်။ ၁၉၈၃ မှာ မြို့နယ်ဗိုလ်လုပွဲမှာ ရွှေရပြီးတော့ တိုင်းနဲ့ပြည်နယ်မှာပါတယ်။ အဲဒီမှာ ကြေးတံဆိပ်ဆုပဲရတယ်။ အဲဒီနောက် ထိုင်းနိုင်ငံမှာ ရောက်သွားပြီးတော့ ထိုင်းနိုင်ငံမှာလည်း လက်ဝှေ့ထိုးခဲ့တယ်။ ဗဟိုမှာလုပ်တဲ့ လက်ဝှေ့နည်းပြသင်တန်းကိုလည်း တိုင်းဒေသကြီး ကိုယ်စားပြုအနေနဲ့ တက်ရောက်ပြီးတော့ လက်ဝှေ့ကစားသမားတွေကို သင်ကြားပေးနေပါတယ်။ လက်ဝှေ့သမားမျိုးဆက်သစ်တွေအတွက်၊ နိုင်ငံတော်အားကစားအတွက် ပီတိကိုစားပြီး ဖြည့်ဆည်းပေးတာ။ လက်ဝှေ့အားကစားဆိုတာက အမြဲတမ်းထိုးနေမှတိုးတက်တာ၊ ထိတွေ့မှုများမှလည်း ကျွမ်းကျင်တာ။ တနင်္သာရီတိုင်းဒေသကြီးအဆင့်ကနေ မျိုးဆက်သစ်လက်ဝှေ့သမားတွေ မွေးထုတ်ပေးထားတာ ၁၀ ယောက်လောက်ရှိပြီ။ မြန်မာ့လက်ရွေးစင်ကစား သမားတွေအနေနဲ့လည်း ဆီးဂိမ်းကစားသမားအကြီးတန်းမှာ ကိုးယောက်၊ အငယ်တန်းမှာ နှစ်ယောက်ရှိတယ်။ ဝူရှူးမှာလက်ဝှေ့နဲ့ နှစ်ယောက်ရှိတယ်။ မျိုးဆက်သစ်တွေ မွေးထုတ်ဖို့က ကျွန်တော်တို့တိုင်းဒေသကြီး အဆင့်ကနေလေ့ကျင့်ပေးလိုက်တယ်။ အဲဒီနောက် လက်ရွေးစင်ဖြစ်ပြီး မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်ကနေ ဆက်ပြီးတော့ လေ့ကျင့်မှုနဲ့ဆိုရင် တော်တော်ကို အဆင့်မြင့်သွားမှာပါ။ လက်ဝှေ့အားကစားနည်းက ကြိုးစားရင်ကြိုးစားသလောက် မြင့်သွားမှာ၊ မြန်မာ့အဆင့်ကနေ ကမ္ဘာ့အဆင့်အိုလံပစ်အထိ သွားနိုင်တဲ့အားကစားဖြစ်တယ်။ မျိုးဆက်သစ် ကစားသမားတွေကို မှာချင်တာက ရိုးသား၊ ကြိုးစားပါ၊ သူများတစ်ဆလုပ်ရင် နှစ်ဆလုပ်မှတိုးတက်မှာပါ။

မအိမ့်ချစ်ဖူး

(ရန်ကုန်တိုင်းဒေသကြီး) ကြက်တောင်အားကစားသမား

ပြိုင်ပွဲကြီးအတွက် တစ်လလောက် ကြိုတင်လေ့ကျင့်ခဲ့ပါတယ်။ အသင်းလိုက်မှာ ရွှေတံဆိပ်ဆုရရှိထားပါတယ်။ အားကစားကို ငယ်ငယ်ကတည်းက လုပ်တာကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်။အသက် ခုနစ်နှစ်ခွဲလောက် ကတည်းကစပြီး ဆယ်နှစ်နီးပါးလောက် ကြက်တောင်ရိုက်ခဲ့ပါတယ်။ အရင်က တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အားကစားပွဲတွေမှာ ဝင်ပြိုင်ဖူးတယ်။ ဒီလို ပြိုင်ပွဲကြီးကိုတော့ အခုမှပထမဆုံး ယှဉ်ပြိုင်ဖူးတာပါ။ အမျိုးသားအားကစားပွဲတော်ကြီး ဝင်ရတဲ့အချိန်မှာ စိတ်လှုပ်ရှားမိတယ်။ ဒီပြိုင်ပွဲကြီးကနေ ထူးချွန်တဲ့ကြက်တောင်အားကစားသမား မျိုးဆက်သစ်တွေ ပေါ်ထွန်းလာနိုင်တယ်။ ငယ်ငယ်ကတည်းကစပြီး ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင် နိုင်မယ်ဆိုရင် သမီးတို့နိုင်ငံရဲ့ ကြက်တောင်အားကစားက ကမ္ဘာ့အဆင့်အထိ‌ ထွန်းပေါက်မယ်။

ကြက်တောင်အားကစားကို လူငယ်တွေက ပိုပြီးစိတ်ဝင်စားလာမယ် လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ မသက်ထားသူဇာက ကြက်တောင်အားကစားကို တော်တော်လေးဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့အတွက် ကြက်တောင်အားကစားကို ပိုပြီးကြိုက်လာတယ်။ သမီးငယ်ငယ်ကတည်းက ကြက်တောင်ကစားနည်းကို တော်တော်လေးကြိုက်တယ်။ Professional ကြက်တောင်ကစားသမားဖြစ်ချင်တယ်။ ဒါပေမယ့် ပညာရေးကတစ်ဖက်နဲ့ ဆိုတော့ ကြက်တောင်ကစား သမားဘဝကိုရွေးမလား၊ ပညာရေးဘက်ကိုပဲ ဦးစားပေးရမလား ဆိုတာ စဉ်းစားနေပါတယ်။ အမျိုးသား အားကစားပွဲတော်ကြီးက တော်တော်ကို ကြီးကျယ်ခမ်းနားတယ်။ ဒီလိုပြိုင်ပွဲကြီးမှာ အသင်းလိုက်ပြိုင်ရတဲ့အချိန်မှာ စည်းလုံးမှုနဲ့တက်တက်ကြွကြွယှဉ်ပြိုင် ရတာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေရရှိပါတယ်။

မအိမ့်မြတ်သော်

(နေပြည်တော်ကိုယ်စားပြုပြိုင်ပွဲဝင်) (အမျိုးသမီး ၅၀ ကီလို တန်း၊ လက်ဝှေ့)

အမျိုးသမီး ၅၀ ကီလိုတန်းမှာ နေပြည်တော်ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ အပေါ်မှာ နေပြည်တော်ရဲ့ဂုဏ်ကိုဆောင်နိုင်တဲ့အတွက် များစွာဝမ်းသာ ဂုဏ်ယူမိပါတယ်။ လေ့ကျင့်မှုအပိုင်းမှာ နည်းပြဆရာသမားတွေရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို အကောင်းဆုံးကြိုးစားလေ့ကျင့်ထားပြီး ရှေ့ဆက်ပြီးတော့လည်း လက်ဝှေ့အားကစားကို ဆက်လက်ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။

ဦးဟန်မင်းထွဋ်၊ နည်းပြချုပ်အမျိုးသမီးဖူဆယ်ပြိုင်ပွဲ

(ရန်ကုန်တိုင်းဒေသကြီး)

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဖူဆယ်အသင်း ရန်ကုန်တိုင်းအမျိုးသမီးအသင်း (ဖူဆယ်) နည်းပြချုပ်တာဝန် ယူထားပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက်လည်း ကစားသမားတွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ လေ့ကျင့်မှုအပိုင်းကတော့ ပြိုင်ပွဲတွေကျရင် ကစားသမားအခက်အခဲတွေရှိတဲ့အတွက် တစ်နှစ်လောက်ကတည်းက ကြိုတင်စုဖွဲ့ လေ့ကျင့်မှုတွေရှိပါတယ်။ ဖူဆယ်အားကစားနည်း တိုးတက်ဖို့အတွက်ဆိုရင်တော့ ကစားသမားကောင်းတွေ များစွာပေါ်ထွက်လာနိုင်ဖို့အတွက် Trainner ကောင်းကောင်းတွေလိုပါတယ်။ ကစားသမားတွေက အားကစားပေါ်မှာရပ်တည်ပြီး ကစားကြတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ အနာဂတ်နောင်ရေးကောင်းမွန်ဖို့ကို ပံ့ပိုးဆောင်ရွက်ပေးစေချင်ပါတယ်။

မမေဇင်ဦး 

(ရန်ကုန်တိုင်းဒေသကြီး ပြိုင်ပွဲဝင်) ဖူဆယ်(အမျိုးသမီး)

ကျွန်မတို့အသင်းအနေနဲ့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိခဲ့အတွက် များစွာဂုဏ်ယူပါတယ်။ ဗိုလ်လုပွဲမှာလည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ဂုဏ်ကို ဆောင်နိုင်အောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားပါမယ်။ အခုလို အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးတဲ့အတွက် မျိုးဆက်သစ် အားကစားသမားတွေအနေနဲ့ ပွဲအတွေ့အကြုံတွေရသလို ရှေ့ဆက်ပြီးလည်း မြန်မာ့လက်ရွေးစင်တွေဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားပါမယ်။

ဒေါ်ဖြူဝင်းနိုင်(အုပ်ချုပ်သူ) စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၊ နေပြည်တော်

ကျွန်မတို့ စိုးစံကနေ ကျောင်းသားကျောင်းသူ ၁၀၀ နဲ့ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးသလို အားကစားပွဲတွေကိုလည်း လာရောက်အားပေးဖို့ရှိပါတယ်။ အားကစားပွဲတော်တွေ မကျင်းပဖြစ်တာကြာပြီဆိုတော့ အခုလို ခမ်းခမ်းနားနားကျင်းပပေးတဲ့အတွက် လူငယ်တွေအနေနဲ့ အားကစားဘက်မှာ အခွင့်အလမ်းတွေရရှိစေမှာဖြစ်ပါတယ်။ အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး လေ့ကျင့်မှု၊ အောင်မြင်မှုတွေကနေတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ မျိုးဆက်သစ်အားကစားသမားကောင်းတွေ ပေါ်ထွက်လာဖို့ကိုလည်း မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဇင်ဦး၊

ဟိန်းထက်ဇော်၊ မျိုးထက်ဦး

ဓာတ်ပုံ - ဟိန်းဇင်ထက်