Skip to main content

အခုလိုပြိုင်ပွဲတွေဆက်ပြီး ကျင်းပစေချင်ပါတယ်။ ပြိုင်ပွဲမရှိရင် ဘယ်လောက်လေ့ကျင့်ပါစေ လေ့ကျင့်တဲ့အတိုင်းအတာက မှတ်ကျောက်တင်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုကိုပြိုင်ပွဲနဲ့ပဲ အဆုံးအဖြတ်ပေးရတာဖြစ်တဲ့အတွက် ပြိုင်ပွဲတွေကျင်းပဖို့လိုပါတယ်

ဦးဇန်လွန်ခုတ်

မြန်မာ့သိုင်းနည်းပြ

ရှမ်းပြည်နယ်ကိုယ်စားပြု

အမျိုးသားအားကစားပွဲတော် မြန်မာ့သိုင်းပြိုင်ပွဲမှာ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေကို မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲတွေကနေ လက်ရွေးစင်တွေ ရွေးထုတ်ပြီး လာရောက်ယှဉ်ပြိုင်တာပါ။ အောက်တိုဘာလထဲမှာ လူရွေးပွဲကျင်းပပြီး စုစုစည်းစည်းနဲ့ လေ့ကျင့်ချိန်ကတော့ ရက်သတ္တ ခြောက်ပတ်လောက် ရပါတယ်။ အဲဒီလို နှစ်လနီးပါး လေ့ကျင့်ပြီး ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ မြန်မာ့သိုင်းနဲ့ပတ်သက်ပြီး ပြည်နယ်မှာဆို ကျောင်းပေါင်းစုံ သိုင်းသင်တန်းတွေ ဖွင့်ပါတယ်။ အဲဒီသင်တန်းတွေကနေတစ်ဆင့် ပြိုင်ပွဲဝင်အဆင့်ရောက်အောင် လေ့ကျင့်ပေးပြီးတော့ ပြည်နယ်လက်ရွေးစင် ရွေးချယ်ပါတယ်။ အခုလိုပြိုင်ပွဲတွေ ဆက်ပြီးကျင်းပစေချင်ပါတယ်။ ပြိုင်ပွဲမရှိရင်ဘယ်လောက် လေ့ကျင့်ပါစေ လေ့ကျင့်တဲ့အတိုင်းအတာက မှတ်ကျောက်တင်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုကိုပြိုင်ပွဲနဲ့ပဲ အဆုံးအဖြတ်ပေးရတာဖြစ်တဲ့အတွက် ပြိုင်ပွဲတွေကျင်းပဖို့လိုပါတယ်။ အခုလို နိုင်ငံတော်အဆင့် အခမ်းအနားကြီးမှာ ကြုံတောင့်ကြုံခဲအနေနဲ့ တစ်ထောင့်တစ်နေရာကနေပါ ဝင်ခွင့်ရတဲ့အတွက် အထူးပဲဝမ်းသာပါတယ်။

ဦးစိုးမိုးနိုင်

ညွှန်ကြားရေးမှူး

အားကစားနှင့် ကာယပညာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး

ဒီပြိုင်ပွဲကြီးကတော့ အားကစားရဲ့အကြီးကျယ်ဆုံးလှုပ်ရှားမှုဖြစ်တာကြောင့် အားကစားဝါသနာရှင်တွေ၊ အားကစားကော်မတီတွေ၊ အားကစားနဲ့ပတ်သက်တဲ့ ပြည်သူလူထုတွေအကုန်လုံးက ပူးပေါင်း လှုပ်ရှားနေတဲ့ ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အင်မတန်ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲ ကြီးက ထွက်ပေါ်လာမယ့် မျိုးဆက်သစ်အားကစားသမားတွေကတစ်ဆင့် နိုင်ငံ့လက်ရွေးစင် တွေရွေးထုတ်နိုင်မယ်။ နိုင်ငံအတွက် အားကိုးအားထားပြုရမယ့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ အားကစားနည်း ၂၃ နည်းမှာ အားကစားနည်း ၂၀ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ဘိလိယက်၊ စနူကာ၊ ခရစ်ကက်၊ ဗိုဗီနမ် အဲဒီအားကစားတွေတော့ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပါဘူး။ အားကစားနည်း၂၀ မှာ အုပ်ချုပ်သူ၊ နည်းပြနဲ့ကစားသမား စုစုပေါင်း ၂၃၁ ဦးနဲ့ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ဆုတံဆိပ်မျှော်မှန်းမှုကတော့ ဂေါက်သီး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ဝူရှူး (ဆန်းဆို)၊ တိုက်ကွမ်ဒိုစတဲ့ အားကစားနည်းတွေမှာ ရွှေတံဆိပ် ရဖို့မျှော်လင့်ထားသလို ရွှေတံဆိပ် ၂၀ လောက်အထိ မျှော်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတော်အစိုးရက အကြီးကျယ် ဆုံး ကျင်းပ‌ပေးတဲ့အခမ်းအနား ဖြစ်တာကြောင့် ပါဝင်ခွင့်ရတာ အလွန်ပဲဂုဏ်ယူပါတယ်။ တစ်နှစ် တစ်ကြိမ် မကျင်းပ‌ပေးနိုင်ရင်တောင် အနည်းဆုံး နှစ်နှစ်တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် မျိုးဆက်သစ်အားကစားသမားတွေ အများကြီး ပေါ်ထွက်လာမှာပါ။

ကိုကျော်စွာထွန်း

ဘတ်စကက်ဘောပြိုင်ပွဲ ဒိုင်လူကြီး 

အခုကျင်းပနေတဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ယူထားရတာ ဖြစ်ပါတယ်။ 

ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက ဘတ်စကက်ဘောနဲ့ပတ်သက်ပြီး မျိုးဆက်သစ်အားကစားသမားတွေ အများကြီးပေါ်ထွက်လာလိမ့်မယ်။ အဲဒီအားကစားသမားတွေထဲကနေ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အားကစားသမားရွေးချယ်မှုမှာလည်း အများကြီး အထောက်အကူ ပြုပါတယ်။ အခု ဘတ်စကက်ဘောပြိုင်တဲ့ အားကစားသမားတွေ အတော်လေး ကောင်းလာတယ်။ အမျိုးသားအားကစားပွဲတော်မှာ ဘတ်စကက်ဘော ထည့်သွင်းကျင်းပတဲ့အတွက် ဘတ်စကက်ဘောအဖွဲ့ချုပ်အတွက်ရော ကစားသမားတွေအတွက်ပါ အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။ အခုလိုပြိုင်ပွဲတွေ ဆက်လက်ကျင်းပပေးစေချင်ပါတယ်။

ကိုဝင်းထွန်းဦး

အမျိုးသားဘော်လီဘော နည်းပြချုပ်

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော်တို့ မန္တလေးတိုင်း ဒေသကြီးကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းကိုဒီပြိုင်ပွဲမဝင်ခင် နှစ်လအလိုကတည်းက စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေအနေနဲ့ အခုလိုသက်တမ်းအလိုက်ပြိုင်ပွဲတွေပါ ကျင်းပပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ဘော်လီဘောပြိုင်ပွဲအတွက်ကတော့ သက်တမ်းလိုက်ပြိုင်ပွဲ တွေကနေတစ်ဆင့် အရည်အချင်းရှိသူတွေ ရွေးထုတ်ခွင့်ရတာကြောင့် နောင်လည်း အခုလိုပြိုင်ပွဲတွေ ကျင်းပပေးပါလို့ တောင်းဆိုချင်ပါတယ်။ အခုပြိုင်ပွဲမှာဆို မျိုးဆက်သစ်အားကစားသမားတွေ အများကြီးထွက်တယ်။ အခုကျွန်တော်တို့အမျိုးသားဘော်လီဘောအသင်းက သုံးပွဲနိုင်ထားပြီးပြီဖြစ်လို့ ရွှေရ တဲ့အထိ မျှော်မှန်းထားပါတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင်တော့ နှစ်စဉ် နှစ်တိုင်း သက်တမ်းအလိုက်ပြိုင်ပွဲတွေ ကျင်းပပေးနိုင်ရင်တော့ နိုင်ငံ့ လက်ရွေးစင်တွေ ပိုပြီးထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ

အလင်းသစ်၊ လင်းရာမ