Skip to main content

ဒုတိယဝန်ကြီး ဦးကိုကိုကျော် ပေကျင်းမြို့အခြေစိုက် အာဆီယံ - တရုတ်စင်တာ အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ်‌ ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ်စင်တာအနေဖြင့် ဦးစားပေးနယ်ပယ်များဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြားပြီး အာဆီယံ-တရုတ်စင်တာမှ ၂၀၂၄ ခုနှစ်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများအပေါ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စိုက်ပျိုးရေးထုတ်ကုန်မြှင့်တင်မှုဆိုင်ရာသင်တန်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာမြှင့်တင်ရေးတို့တွင် အာဆီယံ-တရုတ်စင်တာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ-တရုတ်စင်တာ၏ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲဦးဆောင်ဦးရွက်ပြုမှုများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံပြည်သူလူထုတို့အကြား အပြန်အလှန်နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်