နေပြည်တော် ဒီဇင်ဘာ ၉
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက် အထိ ကျင်းပသည့် အကြိမ် (၆၀) မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများကွန်ဖရင့်၊ အဆင့်မြင့်အရာထမ်းများဆွေးနွေးပွဲနှင့် (၄၄) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲသို့ အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ဝင်နိုင်ငံများမှ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် Bank for International Settlement (BIS) ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဈေးကွက်များ၏ အခြေအနေနှင့် အလားအလာများ၊ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့် အာရှစီးပွားရေးအပေါ် အကျိုးသက်ရောက်မှုခေါင်းစဉ်များကို ဒီဇင်ဘာ ၆ ရက်တွင် ဆွေးနွေးခဲ့ကြသည်။
ဒီဇင်ဘာ ၇ ရက်တွင် SEACEN Centre မှ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် သင်တန်းများနှင့်ပတ်သက်၍ Hybrid ပုံစံဖြင့် In-person နှင့် Online တစ်ပြိုင်တည်းပြုလုပ်နိုင်ရေး၊ Research Project ကိစ္စရပ်များ၊ EXCO မှ အတည်ပြုထားသော ၂၀၂၅ ခုနှစ်တွင် အသုံးပြုရမည့် ဘတ်ဂျက်လျာထားအသုံးစရိတ် များနှင့် SEACEN ၏ တံခါးပိတ်အစည်းအဝေးတွင် SEACEN ၏ Senior Management များနှင့်ပတ်သက်၍ စည်းမျဉ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်