နေပြည်တော် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့ကို ဒီဇင်ဘာ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ အုတ်ဖိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းရက်နေ့က ဝါးဖြူချောင်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာတို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်း၊ အဆိုပါကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့်သတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်