နေပြည်တော် ဒီဇင်ဘာ ၉
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကြီးကို ယနေ့ကျင်းပခဲ့ပြီး ပွဲစဉ်အသီးသီး အားကစားယှဉ်ပြိုင်မှုများကိုလည်း ပြုလုပ်နေကြပြီဖြစ်ပါသည်။ ယင်းတို့အနက်မှ အားကစားအဖွဲ့ အုပ်ချုပ်သူများ၊ အခမ်းအနားတွင် အားဖြည့်ပါဝင်ကြသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများအား မြန်မာ့အလင်းသတင်းအဖွဲ့မှ တွေ့ဆုံမေးမြန်းဖြစ်သမျှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဦးအေးကိုကို (ခရိုင်အားကစားမှူး)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအုပ်ချုပ်သူ
ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးက နှစ်ယောက်တွဲမှာ ရွှေရတဲ့အတွက် အတိုင်းထက်လွန်ဝမ်းသာရပါတယ်။ ပိုက်ကျော်ခြင်းဆိုတာ ကျွန်တော်တို့ စစ်ကိုင်းတိုင်းရဲ့ အဓိကကစားနည်းဖြစ်ပြီး ရွှေစပြီးရတဲ့အတွက် အများကြီးဝမ်းသာဂုဏ်ယူပါတယ်။ ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် သုံးလကြာ စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ အား/ကာဦးစီးဌာနနဲ့ အခြားဌာနတွေ ပူးပေါင်းပြီး ပြိုင်ပွဲကြီးမှာ အောင်မြင်မှုတွေရရှိအောင် ကူညီပံ့ပိုးကြပါတယ်။ ကျွန်တော်တို့ပိုက်ကျော်ခြင်းအဖွဲ့က ပြိုင်ပွဲအတန်းအသီးသီးရဲ့ ချန်ပီယံဆုရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကစား သမားတွေကလည်း ကြိုးစားပြီး လေ့ကျင့်ထားခဲ့ကြပါတယ်။
မောင်မျိုးမင်းနိုင်(ချင်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်) ကြက်တောင်အဖွဲ့လိုက်ပြိုင်ပွဲ
ကျွန်တော်က ကြက်တောင်အုပ်စုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ပြိုင်ပွဲတွေရှိပေမယ့် အခုက နိုင်ငံတော်အဆင့် အမျိုးသားအားကစားပြိုင်ပွဲကြီးဆိုတော့ ပိုကောင်းပါတယ်။ နိုင်ငံတော်အဆင့် ပြိုင်ပွဲဖြစ်တဲ့အလျောက် ကျွန်တော်တို့ အားကစားသမားတွေအဖို့ ပိုပြီး ယှဉ်ပြိုင်စိတ်လည်း ဖြစ်စေတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကြက်တောင်အားကစားကိုလည်း ပိုပြီးဖွံ့ဖြိုးစေချင်တယ်။ လူငယ်တွေ အာရုံစိုက်စေချင်တယ်။ လေ့လာလိုက်စားစေချင်တယ်။ အားကစားကို လိုက်စားပြီး ထူးချွန်တဲ့လူငယ်တွေအနေနဲ့ အိုလံပစ်ပြိုင်ပွဲတွေ ဝင်ပြိုင်ခွင့်ရမယ်ဆိုရင် ကိုယ့်ရဲ့ နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ရာလည်း ရောက်ပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့အတိုင်း ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
မောင်ဇော်လင်းထွန်း (ကယားပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)
သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ
အားကစားတစ်ခုကို စိတ်ပါ၀င်စားစွာ နည်းစနစ်ကျကျ လေ့ကျင့်မယ်၊ ကြိုးစားမယ်ဆိုရင် ထူးချွန်တဲ့သူ၊ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အထိ ၂၀၂၀ ပြည့်နှစ်ကတည်းက ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် အခုလို အားကစားပွဲတော်ကြီးကို တစ်နှစ်တစ်ကြိမ် ကျင်းပပေးမယ်ဆိုရင် နိုင်ငံအဆင့် လက်ရွေးစင်ကစားသမားတွေ ပေါ်ထွက်လာပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ များစွာ ဆွတ်ခူးပေးနိုင်ကာ နိုင်ငံတော်ရဲ့ဂုဏ်ကိုလည်း ဆောင်နိုင်မယ်လို့ မြင်ပါတယ်။
ဦးကိုကိုမောင် (ကယားပြည်နယ်)
ပိုက်ကျော်ခြင်းနည်းပြဆရာ
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ကယားပြည်နယ်ကိုယ်စားပြု ခြင်းလုံးပြိုင်ပွဲမှာ အားကစားသမား ၁၁ ဦးနဲ့ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အားကစားသမားတွေကို နေပြည်တော်မှာ တစ်လကြိုလာပြီး ပြင်ဆင်လေ့ကျင့်ပေးပါတယ်။ အားကစားစိတ်ဓာတ်ကနေ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေ အလိုလိုမွေးဖွားလာမယ်။ ခွင့်လွှတ်တတ်တဲ့စိတ်တွေ၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်တွေ ထွက်ပေါ်လာမယ်။ ဒါကြောင့် အားကစားကနေ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုးစီးပွားတွေကိုပါ ဖြည့်တင်းနိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလိုအားကစားပွဲကြီးတွေ ကျင်းပပေးတဲ့အခါ အမျိုးသား၊ အမျိုးသမီးအသက်အပိုင်းအခြားအလိုက် သတ်သတ်မှတ်မှတ်နဲ့ လူငယ်အားကစားသမားတွေ ပေါ်ထွက်လာအောင် နှစ်စဉ်ကျင်းပပေးပြီး မျိုးဆက်သစ်လူတွေ မွေးထုတ်ပေးနေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေလောက်ကို ကောင်းကောင်းကျော်တက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကိုအောင်မြင့်ဌေး(မွန်ပြည်နယ်)
မသန်စွမ်းပြေးခုန်ပစ်(အမျိုးသား မီတာ ၂၀၀ အပြေး) ပြိုင်ပွဲ
အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ပထမဆု ရွှေတံဆိပ်ရရှိထားပါတယ်။ ကျွန်တော်တို့ အခုပြိုင်ပွဲဝင်တွေ တော်တော်များများက ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပါရာဂိမ်းမှာ ပြိုင်ပွဲဝင်ဖို့အတွက် စခန်းသွင်း လေ့ကျင့်နေကြတဲ့ ကစားသမားတွေ များပါတယ်။ အားလုံးပေါင်း လေ့ကျင့်ချိန်ကတော့ ရှစ်လလောက် ရှိနေပါပြီ။ အရင်တုန်းကလည်း ပြိုင်ပွဲအတွေ့အကြုံ တော်တော်များများရှိတယ်။ အခုလို ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲမှာ မသန်စွမ်းအားကစားနည်းတွေ ထည့်သွင်းကျင်းပပေးတဲ့အတွက် ပီတိဖြစ်ရပါတယ်။ မသန်စွမ်းဖြစ်ပြီးမှ ပြိုင်ပွဲတွေ ဝင်ပြိုင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ အားကစားသမားသက်တမ်း ၁၂ နှစ်လောက်ရှိပါပြီ။ ဆုတွေကတော့ ပြည်ပပွဲတွေမှာ ငွေနှစ်ဆု၊ ကြေးသုံးဆုရထားပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာတော့ ရွှေတံဆိပ်ဆုတွေ အများကြီးရထားပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ မသန်စွမ်းတွေ ဘာတွေလုပ်နိုင်လဲ၊ ဒီလိုမျိုးအားကစားနည်းတွေကို လေ့လာပြီးတော့ မသန်စွမ်းပွဲတွေမှာ ယှဉ်ပြိုင်စေချင်တယ်။ ဖိတ်ခေါ်ပါတယ်။
မစုထက်ဝေလွင်(ဖွင့်ပွဲဖျော်ဖြေရေးအဖွဲ့)
အထက- ၁၁ နေပြည်တော်
ကျွန်မက သာယာလှပ ချစ်စရာဒို့မြန်မာပြည်သီချင်းနဲ့ ဖွင့်ပွဲအခမ်းအနားမှာ ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းက ကျောင်းသူ ၆၄ ဦးပါဝင်ပြီး အခြားကျောင်းတွေလည်း အများကြီးပါဝင်ကြပါတယ်။ အားလုံးအကအဖွဲ့မှာ စုစုပေါင်း ၃၂၀ ပါပါတယ်။ အကအတွက် နှစ်လလောက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ အခုလိုအမျိုးသားအားကစားပွဲတော်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ခွင့်ရလို့ အထူးပျော်ရွှင်ရပါတယ်။ အားကစားသမားတွေကို အားကျမိတယ်။ ကျွန်မတို့ အခြေခံ ပညာကျောင်းတွေမှာလည်း အခုနောက်ပိုင်းမှာ အားကစားကို ဘာသာရပ်တစ်ခုအနေနဲ့ သေသေချာချာ သင်ကြားပေးပါတယ်။ အဲဒီအတွက် အားကစားနဲ့ ပိုပြီးရင်းနှီးလာရပါတယ်။ ဒါကြောင့်မို့လို့ အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းသား ကျောင်းသူတွေ စိတ်ပါဝင်စားမယ့် အားကစားနည်း သုံး၊လေးမျိုးလောက်ကို ဆရာတွေနဲ့ စနစ်တကျ အခြေခံကနေ သင်ကြားပေးနိုင်မယ်ဆိုရင် ကျွန်မတို့လည်း နောက်နှစ်အနည်းငယ်အတွင်းမှာ အခုလို အမျိုးသားအားကစားပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဉ်ပြိုင် နိုင်မယ်လို့ ထင်ပါတယ်။
ဒေါ်ခင်နှင်းယု
ပြန်ကြားရေးဝန်ကြီးဌာန
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျွန်မတို့ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းက ဝန်ထမ်းနဲ့ ဝန်ထမ်း မိသားစုဝင်တွေအားလုံးပေါင်း အင်အား ၁၀၀ ကျော် တက်ရောက်အားပေးပါတယ်။ ဝန်ကြီးဌာနတစ်ခုလုံး ၇၀၀ လောက် တက်ရောက်ပါတယ်။ အမျိုးသား အားကစားပွဲတော်ကြီးကို ပထမဆုံးအကြိမ် တက်ရောက်ဖူးတာပါ။ အခုလိုမျိုး အားကစားပွဲတော်ကြီးတွေ ခမ်းခမ်းနားနား ကျင်းပပေးတဲ့အတွက်ကြောင့် လူငယ်တွေအနေနဲ့ လူမှုကွန်ရက်ပေါ်မှာပဲ အချိန်ကုန်မနေဘဲနဲ့ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့အတွက်လည်း ကောင်းသလို၊ အားကစားကိုလည်း လူငယ်တွေ ပိုပြီးစိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ သားသမီးတွေကိုလည်း အားကစားနဲ့ပတ်သက်ပြီး သူတို့ကျောင်းမှာလည်း အားကစားပြိုင်ပွဲတွေလုပ်တော့ အမြဲတမ်းအားပေးပါတယ်။ အားကစားပြိုင်ပွဲတွေ ကျင်းပပေးတာကလည်း မျိုးဆက်သစ် လက်ရွေးစင်ကစားသမားတွေ၊ ရွက်ပုန်းသီးအားကစားသမားတွေလည်း ပေါ်ထွက်လာနိုင်တယ်။ အဲဒီလို နိုင်ငံ့ဂုဏ်ဆောင်မယ့် အားကစားသမားကောင်းတွေလည်း ဒီလိုမျိုးပြိုင်ပွဲကြီးကနေ အများကြီး ပေါ်ထွက်လာစေချင်ပါတယ်။
မသက်မွန်ဖူး(ကျောင်းသူ)
အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)
သမီးက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ကနေ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) မှာ ဘောလုံးမေဂျာနဲ့ ကျောင်းတက်နေတာပါ။ အမျိုးသားအားကစားပွဲတော်ကြီးမှာ မိန်းကလေး ၂၃ ယောက်၊ ယောက်ျားလေးက ၄၂ ယောက် ပါဝင်တက်ရောက်နေပါတယ်။ ဘောလုံးပွဲမှာ သမီးအကြိုက်ဆုံးအသင်းကတော့ နေပြည်တော်နဲ့ ကယားပြည်နယ်အသင်းပါ။ သူတို့က ကစားကွက်တွေ တော်တော်ကောင်းတယ်။ အမျိုးသားအားကစားပွဲတော်ကို ပထမဆုံးအကြိမ် တက်ရောက်ဖူးတာပါ။ နိုဝင်ဘာ ၂၃ ရက်ကတည်းက ရောက်နေတာပါ။ သမီးတို့ကတော့ ပိတ်ပွဲမှာ ကပြဖျော်ဖြေရမှာပါ။ အခုလိုမျိုးပွဲတော်ကြီးမှာ သမီးတို့ တက်ရောက်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။ အားကစားမှာ သမီးကတော့ လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့အထိ မျှော်လင့်ထားတယ်။ အားကစားက ကိုယ်ထူးချွန်ရင် ထူးချွန် သလောက် အောင်မြင်နိုင်တဲ့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။
မယွန်းပြည့်မှူးအောင်(ကျောင်းသူ)
သမီးက အထက (ငန်းစပ်) ကပါ။ အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို သမီးတို့ ကျောင်းက အားလုံးပေါင်း ၆၀ တက်ရောက်အားပေးကြတာပါ။ အားကစားကို သမီးတို့ကျောင်းမှာလည်း လုပ်ရတယ်။ သမီးက ခရစ်ကက်ကို စိတ်ဝင်စားတယ်။ သမီးကြီးလာရင် ခရစ်ကတ်ကစားသမားဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒီလိုပွဲတော်ကြီးကို ပထမဆုံး အကြိမ် လာရောက်ဖူးတာမို့ ပျော်လည်းပျော်ပါတယ်။ နိုင်ငံတော်က ပြုလုပ်တဲ့ပွဲကြီးမို့ ဖွင့်ပွဲအခမ်းအနား အပြင်အဆင်တွေကိုကြည့်ပြီးလည်း သဘောကျမိပါတယ်။ အားကစားသမားတွေအတွက် ဂုဏ်လည်း ဂုဏ်ယူပါတယ်။ သူတို့ကိုကြည့်ပြီး သမီးတို့လို ကျောင်းသား ကျောင်းသူတွေက အားကျအတုယူ ကြမှာပါ။
တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊
မျိုးထက်ဦး၊ ဓာတ်ပုံ-ဟိန်းဇင်ထက်