Skip to main content

ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ အကြိမ်(၂၀) မြောက် အကြီးအမှူးများအစည်းအဝေး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၇

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ( ASEAN Parties Against Corruption_ ASEAN-PAC) ၏ အကြိမ် (၂၀) မြောက် အကြီးအမှူးများအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

အစည်းအဝေးတွင် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ H.E.Khamphan PHOMMATHATH နှင့် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ H.E. Alexander Marwata တို့က အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးမှတ်တမ်းကိုအတည်ပြုခြင်း၊ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ၂၀၂၃-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ၂၀၂၆-၂၀၂၈ ခုနှစ် လုပ်ငန်းအစီအစဉ်ရေးဆွဲချမှတ်နိုင်ရေး၊ (၂၁) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို အိမ်ရှင်အဖြစ် မလေးရှားနိုင်ငံ၌ ကျင်းပနိုင်ရေးနှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးကြသည်။

ထို့အပြင် အာဆီယံအတွင်းရေးမှူးရုံး ကိုယ်စားလှယ်က အာဆီယံဒေသအတွင်း ASEAN-PAC ၏ ပါဝင်မှုအခန်းကဏ္ဍ ပိုမိုမြင့်မားတိုးတက်လာစေရေး၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime - UNODC) ကိုယ်စားလှယ်က ASEAN-PAC အဖွဲ့ဝင် နိုင်ငံများ၏ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention against Corruption- UNCAC) အကောင်အထည် ဖော်ဆောင်မှုတို့ကို ဆွေးနွေးကြပြီး အင်ဒိုနီးရှား နိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Corruption Eradication Commission- KPK) နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းကျင်းပသည့် ASEAN-PAC အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၂၄ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာရုပ်ရှင်ပြပွဲ (Anti-Corruption Film Festival 2024) သို့ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နည်းပညာအသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အများပြည်သူဆိုင်ရာ အသိပညာပေးမှုနှင့် အများပြည်သူမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အလေးထားဆွေးနွေးပြီး အသိပညာပေးအစီအစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်နေမှု၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP) ဆောင်ရွက်နေမှု၊ နိုင်ငံ့ဘဏ္ဍာပြန်လည်ရယူနိုင်ရန် ဦးတည်၍ စုံစမ်းစစ်‌ဆေးမှုများ ဆောင်ရွက်နေမှု၊ သတင်းပေးသူအကာအကွယ်ပေးရေးဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်နေမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်