Skip to main content

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့

နေပြည်တော် ဒီဇင်ဘာ ၆

ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့တော်၌ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှတင်သွင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

ယင်းအစည်းအဝေးသို့ ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးကျော်ဇေယျနှင့် မြန်မာကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကျေးဇူးတင်စကားပြောကြားရာတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ထည့်သွင်းနိုင်ခြင်းသည် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် လူမှုအသိုက်အဝန်းအားလုံးတို့မှ တစိုက်မတ်မတ်အားထုတ်ကြိုးပမ်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု များကြောင့်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယခင်နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ကြသည့်နည်းတူ နောင်လာနောက်သားတို့အတွက် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် နောင်နှစ်ပေါင်းထောင်ပေါင်းများစွာ ဆက်လက်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မှုများ ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အောင်မြင်စွာထည့်သွင်းနိုင်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီအဖွဲ့ဝင်များ၊ ၂၀၀၃ ခုနှစ် ကွန်ဗင်းရှင်းဆိုင်ရာအတွင်းရေးမှူးနှင့် အတွင်းရေးမှူးရုံးအဖွဲ့၊ အကြံပေးကော်မတီအဖွဲ့များ၏ ပံ့ပိုးကူညီမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်