Skip to main content

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြင့် နိုင်ငံ့ဂုဏ်ကိုစောင့်ရှောက်မြှင့်တင်

ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးပျူရှေးဟောင်း မြို့တော်သုံးမြို့နှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်တို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်သည်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပေးပို့ခဲ့ပြီးဖြစ်သည်။

ထို့ပြင် မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ်တော်ကျောက်စာ၊ မြစေတီကျောက်စာအပြင် ရွှေပေလွှာနှင့် ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာတို့ကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမြောက်အမြားရှိသည့်အနက် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ ၂၀၂၀ ပြည့်နှစ်ကတည်းက တင်ပြခဲ့သော်လည်း ပြန်လည်ပြည့်စုံအောင် ရေးသွင်းရမည့်အချက်အလက်အချို့ လိုအပ်နေသေးသည့်အတွက် ပြန်လည်တင်ပြရန် ရေးသားလျက်ရှိသည်။

ယခုအခါ “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်အသိအမှတ်ပြုခံခဲ့ရပြီဖြစ်သည်။ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီသို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ပေးပို့တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံမှ တင်သွင်းထားသည့် အဆိုပြုစာတွဲကို ပါရာဂွေးနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် တရားဝင်အတည်ပြုဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ပါဝင်နိုင်ခြင်းသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းများအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက် တည်ထွန်းနေသော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံးက မြတ်နိုးတန်ဖိုးထားပြီး အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခဲ့ကြသည့် အကျိုးရလဒ်ဖြစ်သည်။

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံသားအားလုံး အပျော်ရွှင်ဆုံး၊ အတက်ကြွဆုံး၊ အမြတ်နိုးဆုံးထိန်းသိမ်းဆင်နွှဲနေသည့် ပွဲတော်ဖြစ်သည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူးပြောင်းသည့် မင်္ဂလာရှိသော အချိန်အခါသမယတွင် နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ပြီး နှစ်သစ်သို့ မင်္ဂလာရှိစွာကူးပြောင်းကြရာ၌ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ယဉ်ကျေးသိမ်မွေ့စွာထုတ်ဖော်ပြသသည့် နိုင်ငံသူ နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ နှစ်သက်သောပွဲတော်ဖြစ်သည်။

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာကပိုမိုသိရှိလာနိုင်ခြင်း၊ မျိုးဆက်သစ် နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ခြင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရိုးရာမပျက် ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထု၏ အသိအမြင်များ ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသောဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်း အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များ ရေရှည်တည်တံ့စေရန်နှင့် တိုးတက်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှုအဆိုပြုစီမံကိန်းများကို တင်သွင်းပြီး ယူနက်စကိုထံမှ အထောက်အပံ့များဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထိုကဲ့သို့ အမွေအနှစ်စာရင်းဝင်ဖြစ်လာပါက ကမ္ဘာ့အလယ်တွင် မိမိနိုင်ငံ၏ ယဉ်ကျေးမှုဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသွား ဖွံ့ဖြိုးတိုးတက်လာရေးတွင် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မြောက်မြားလှစွာသော အမျိုးသားမှတ်တမ်းအမွေအနှစ်များကို သက်ဆိုင်ရာဌာနများနှင့်အတူ မြန်မာနိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်၍ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။ ။