နေပြည်တော် ဒီဇင်ဘာ ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရား၊ ထီးထိုမင်းလိုဘုရား၊ အာနန္ဒာဘုရားများသို့ သွားရောက်ဖူးမြော်ကြပြီး ပုဂံမြို့သစ်ရှိ ဦးဘညိမ်းယွန်းထည်ဆိုင်နှင့် ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ပုသိမ်မြို့သို့ ရောက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ပုသိမ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ငွေဆောင်အပန်းဖြေဆင်စခန်း၌ ဆင်လိမ္မာများ၏ ဆင်အလှပြကွက်များကို ကြည့်ရှုအားပေးကြပြီး ငွေဆောင်ကမ်းခြေကို လှည့်လည်ကြည့်ရှု၍ အပန်းဖြေကြသည်။
ညပိုင်းတွင် ESKALA ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်