လူသားတို့၏ ဘဝတစ်လျှောက်လုံးတွင် ယဉ်ကျေးမှုက ယှဉ်တွဲပါရှိနေပြီး လူတို့နှင့်စပ်ဆက်သမျှ ပတ်ဝန်းကျင်အားလုံးတွင်လည်း ယဉ်ကျေးမှုရှိနေသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဟုဆိုရာတွင် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု(ဒြပ်မဲ့ယဉ်ကျေးမှု)နှင့် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု (ဒြပ်ရှိယဉ်ကျေးမှု)ဟူ၍ ခွဲခြားနိုင်သည်။ မိမိတို့နိုင်ငံသည် နှစ်ပေါင်းထောင်ချီရှည်ကြာသည့်သမိုင်းနှင့် များပြားလှသည့် တိုင်းရင်းသားများအတူ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည့်အလျောက် ဒြပ်မဲ့၊ ဒြပ်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။
ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက် မှ ၇ ရက်အထိ ကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံက မြန်မာနိုင်ငံမှတင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့ထည့်သွင်းရန် ဒီဇင်ဘာ ၅ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သို့ဖြစ်သည့်အတွက် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး တရားဝင်စတင်ပါဝင်လာပြီဖြစ်သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် မျိုးနွယ်စုတစ်စုစု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့၏ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များတို့ကိုဆိုသည်ဟု ဖွင့်ဆိုထားသည်။ ယူနက်စကို၏ ၂၀၀၃ ကွန်ဗင်းရှင်းအရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း တည်ရှိနေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတော်က အသိအမှတ်ပြုမှတ်ပုံတင်စာရင်း တစ်ရပ်ထားရှိကြရသည်။ မိမိတို့နိုင်ငံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ရှာဖွေဖော်ထုတ်ထိန်းသိမ်း မှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စုစုပေါင်း ၂၂၈၉ ခုရှိနေရာ ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ ၁၀၄ ခု၊ ဖျော်ဖြေမှုအနုပညာများ ၅၀၆ ခု၊ လူမှုရေးအစဉ်အလာဓလေ့များ၊ ရိုးရာဓလေ့များနှင့်ပွဲတော်များ ၆၅၁ ခု၊ သဘာဝနှင့်စကြဝဠာဆိုင်ရာဗဟုသုတနှင့် ရိုးရာအစဉ် အလာအလေ့အထများ ၁၉၉ ခု၊ ရိုးရာလက်မှုပညာရပ်များ ၈၂၉ ခုတို့ ပါဝင်သည်။
အဆိုပါဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များထဲမှ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ယူနက်စကိုသို့ ၂၀၂၀ ပြည့်နှစ်က တင်ပြခဲ့ရာ အချက်အလက်အချို့လိုအပ်နေကြောင်း ပြန်လည်အကြောင်းကြားလာခဲ့ခြင်းကြောင့် အချက်အလက်များပြန်လည်ရေးသားနေသည်ဟုသိရပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ယူနက်စကိုသို့ အဆိုပြုစာတွဲပေးပို့ခဲ့သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်လာခဲ့သည်။ မှတ်သားဖွယ်ရာအချက်မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွက် အဆိုပြုတင်သွင်းရာတွင် ယူနက်စကိုသည် အစိုးရမဟုတ်သော အရပ်ဘက်ယဉ်ကျေးမှု/ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူတို့၏ ကိုယ်တိုင်လျှောက်ထားချက်များကိုသာလက်ခံ၍ ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ယူနက်စကို၏ စည်းမျဉ်းများအရ အစိုးရကတိုက်ရိုက်တင်ပြလျှောက်ထား၍မရဘဲ လိုအပ်သည့်အချက်အလက်များ ကူညီရှာဖွေပြုစုပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာနှင့် အခြားလိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်းတို့ကိုသာ ဆောင်ရွက်ပေးနိုင်သည်ဖြစ်ရာ မိမိနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်လာစေရန် ဆောင်ရွက်ခြင်းတို့တွင် ပြည်သူတို့၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မိမိတို့နိုင်ငံရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မြှင့်တင်နိုင်ရေး၊ ထိန်းသိမ်းနိုင်ရေးနှင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးဆောင်ရွက်ရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့ ပူးပေါင်း၍လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီများကို ဖွဲ့စည်းကာ စာရင်းကောက်ယူ၍လည်းကောင်း၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများက ကောက်ယူမှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းများကို လက်ခံစုစည်း၍ လည်းကောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းများကို ကောက်ယူကာ ပညာရှင်အဖွဲ့နှင့်စိစစ်၍ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီသို့ တင်ပြအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ ပြည်သူတစ်ရပ်လုံးတို့က မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းရေးတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။