Skip to main content

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ

နေပြည်တော် ဒီဇင်ဘာ ၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File)ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) သို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ပေးပို့တင်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” အဆိုပြုစာတွဲအား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ယနေ့၌ တရားဝင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျင် မြန်မာနိုင်ငံမှတင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထိုကဲ့သို့ပါဝင်နိုင်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါသည်။

“မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာကပိုမိုသိရှိလာနိုင်ခြင်း၊ မျိုးဆက်သစ်နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန်ကို ရိုးရာမပျက်ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထု၏ အသိအမြင် ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသောဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။