နေပြည်တော် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ အကြမ်းဖက်သမားများသည် ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် လက်နက်အားကိုးဖြင့် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသူများအား ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်စက်ခြင်းများနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများက သိရှိလာပြီဖြစ်သဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အစွန်းရောက်လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ ပြည်သူများစိုးရိမ်ထိတ်လန့်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုအကြား သွေးကွဲစေရန်ရည်ရွယ်၍ ယခုကဲ့သို့အခြေအမြစ်မရှိသည့် သတင်းများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။