နေပြည်တော် ဒီဇင်ဘာ ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool သည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy (NSA) မှ ကျောင်းသား ကျောင်းသူများအား “Russia and friendly countries in multipolar world” ခေါင်းစဉ်ဖြင့် သင်ခန်းစာပို့ချသည်။
အဆိုပါ သင်ခန်းစာပို့ချမှုသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ဒေါက်တာစိုးစိုးအောင်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်၍ နိုင်ငံ၏အကျိုးစီးပွားကိုမြှင့်တင်ရေး၊ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံနှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး တိုးတက်စေရန် နှစ်နိုင်ငံအကြားမဟာဗျူဟာကျသည့် စီမံကိန်းများကိုအကောင် အထည်ဖော်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရုရှားနိုင်ငံရှိ တက္ကသိုလ်ကျောင်းများတွင် ဘွဲ့လွန်သင်တန်းများ၊ ဘာသာစကားသင်တန်းများ တက်ရောက်နိုင်ရေး၊ ရုရှားနိုင်ငံမှ ကျောင်းသားကျောင်းသူများကိုလည်း မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းများသို့ နှစ်နိုင်ငံအပြန်အလှန် ပညာတော်သင်များ စေလွှတ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး “Russia and friendly countries in multipolar world ” ခေါင်းစဉ် ဖြင့် သင်ခန်းစာပို့ချရာ တက်ရောက်ကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီအား နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌက နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့်တည်ခင်း ဧည့်ခံခဲ့သည်။
သတင်းစဉ်