နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ခုခံကျ၊ ကာလသားရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရာက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၂၅)တွင်ပါရှိသည့် ဦးစားပေးနည်းဗျူဟာငါးရပ်နှင့်အညီ ၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာစေရန်အထိ ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် “ကမ္ဘာ့ခုခံအားကျဆင်း မှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်ဖြစ်သည့် "Take the rights path" “အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အိပ်ချ်အိုင်ဗွီကာကွယ်ရေးလုပ်ငန်းများကို လက်လှမ်းမီရန် ခက်ခဲသောဦးတည်အုပ်စုများအပါအဝင် အိပ်ချ်အိုင်ဗွီ ကကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်း သာတူညီမျှလက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများအပါအဝင် အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအားဆုများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းများနှင့် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု ဘဲကုန်းကျေးရွာရှိ ကွင်းအမှတ် ၁၆၂၃ တောင်သူ ဦးပြည့်ဝ၏ ၁ ဒသမ ၅ ဧကတွင် လယ်ယာထွန်စက် နောက်ဆွဲအစေ့ချကိရိယာများဖြင့် ဆင်းရွှေကြာ(၂)နေကြာမျိုးကို မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံကာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်