နေပြည်တော် ဒီဇင်ဘာ ၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho ဦးဆောင်သည့်အဖွဲ့နှင့် နှစ်နိုင်ငံသီးခြားအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် တိုင်း ရင်းဆေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ဆေး၊ ဆေးပစ္စည်းနှင့် ရောဂါကာကွယ်ဆေးအစရှိသည်များ လှူဒါန်းပေးခဲ့မှုအခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအထောက်အပံ့ဖြင့် နေပြည်တော်တွင်တည်ဆောက်ခဲ့သည့် Myanmar CDC နှင့် China CDC ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမှ ဆရာဝန်များ၊ သွားဆရာဝန်များ၊ သူနာပြုများ၊ Technicians (နည်းပညာရှင်များ)ကို တရုတ်နိုင်ငံသို့စေလွှတ်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ လာမည့် (၂၀၂၅) ခုနှစ်တွင် ကျရောက်မည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်တွင်လည်း ကျန်းမာရေးကဏ္ဍအနေဖြင့် အထူးတက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး တည့်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်