၁။ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၈၀၀၀ ကျော်ရှိသည့်အနက် သန်းပေါင်း ၁၀၀၀ ကျော်သည် မသန်စွမ်းသူစာရင်းတွင် ပါဝင်နေပါသည်။ ထိုမျှသော မသန်စွမ်းသူများ၏အခန်းကဏ္ဍကို ပိုမိုသိရှိ နားလည်စေရေးနှင့် ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အခြေခံမူများကို ၁၉၉၂ ခုနှစ် (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) ဖြင့် အတည်ပြုချမှတ်ခဲ့ပြီး နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
၂။ ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်ဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Persons with Disabilities-CRPD) ကို ချမှတ်အတည်ပြုပေးခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်က ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံကလည်း ထိုသဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်အတည်ပြုချုပ်ဆိုထားပါသည်။ ထို့အပြင် နိုင်ငံတော်အတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုပြည့်ဝစွာရရှိခံစားနိုင်စေရန်နှင့် ပိုမို၍ကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို ထုတ်ပြန်ပေးခဲ့ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နိုင်ငံတော်အဆင့် အမျိုးသားကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ရေးဆွဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
၃။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် မသန်စွမ်းသူအရေအတွက် မြင့်တက်လာသည်နှင့်အမျှ မသန်စွမ်း သူများအပေါ်ထားရှိသည့် စိတ်နေသဘောထားများကို ပြုပြင်ပြောင်းလဲလျက် ရုပ်ဝတ္ထုအတားအဆီးများကို လျှော့ချပေးခြင်းဖြင့် မသန်စွမ်းသူများသည် ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိကာ အခြားသူများနည်းတူ အမှီအခိုကင်းစွာ ဘဝဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်မည် ဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်အဖြစ် “အနာဂတ်မှာ အားလုံး ရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး’’ “Amplifying the leadership of persons with disabilities for an inclusive and sustainable future” ဟူ၍ ချမှတ်ထား ပါသည်။
၄။ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ၂၀၃၀ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို အထူးအလေးပေးဖော်ပြထားသည့်အလျောက် ယခုနှစ် ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာနိုင်ရေး အားပေးဖော်ဆောင်ကြပါရန် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် (၃၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ဂုဏ်ပြုလျက် တိုက်တွန်းဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်